တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်

နေပြည်တော် ၁၅ ဒီဇင်ဘာ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့သည်။ ညအပူချိန်များမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် (၅)ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၀)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့၊ ပင်လောင်းမြို့နှင့် မိုးကုတ်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီ၊ ဟဲဟိုးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီနှင့် ကျောက်မဲမြို့၊ လွိုင်လင်မြို့၊ ကျိုင်းတုံမြို့၊ တီးတိန်မြို့နှင့် ရမ်ကလောင်းတို့တွင် (၆)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာမည်။

MDN