တစ်ခါတစ်ခေါက်တော့ အရောက်လာစေချင် ဟားခါး သီးမစ်လွင်ပြင်

၁၆  အောက်တိုဘာ

ချင်းပြည်နယ်နှင့် ခရီးသွားလုပ်ငန်း

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်နှင့် အနောက်မြောက်ဘက်ဆုံးတွင် တည်ရှိသည်။ ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်မှ ပေ ၇၀၀၀ ကျော်အထိမြင့်ပြီး အလွန်မတ်စောက်၍ လျှို့ဝှက်သော တောင်စွယ်တောင်တန်းများ၊ လှပသောတောင်ဇလပ်ပန်း နှင့် ချယ်ရီပန်းများ၊ ရှုခင်းများ စသည့် သဘာဝအလှများ နှင့်အတူ ရိုးသားဖြူစင်သော ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ၄င်းတို့၏ ရိုးရာဓလေ့များ၊ ရိုးရာပွဲတော် များကြောင့် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ အတွက် မျက်စိကျစရာနေရာ ဖြစ်သည်နှင့်အညီ ဧည့်သည် လာရောက်မှုသည်လည်း တစ်နှစ်ထက်တစ်နှစ် တိုးပွား လျက်ရှိသည်။ ချင်းပြည်နယ်အတွင်း လည်ပတ်သွားလာ စရာ နေရာများစွာ ရှိနေသည့်အနက် ရာသီမရွေး သွားလာ လည်ပတ်နိုင်သော၊ စိတ်ကို ကြည်နူးချမ်းမြေ့စေသော ရှုမဝနိုင်သည့် နေရာတစ်ခုမှာ သီးမစ်ချောင်း ဖြတ်သန်း စီးဆင်းသွားသော သီးမစ်လွင်ပြင် ဖြစ်သည်။

သီးမစ်လွင်ပြင်

သီးမစ်လွင်ပြင်သည် ဟားခါးမြို့၏တောင်ဘက် ခုနစ် မိုင်နှင့် ထန်တလန်မြို့၏ အနောက်မြောက်ဘက် ၁၅ မိုင် ခန့်အကွာတွင် တည်ရှိပြီး ဟားခါး−ထန်တလန် ကားလမ်း သည် လွင်ပြင်ကိုဖြတ်သွားသကဲ့သို့ သီးမစ်ချောင်းကလည်း သီးမစ်လွင်ပြင်ကိုဖြတ်ကာ ကွေ့ကောက်၍ စီးဆင်းလျက် ရှိသည်။

လယ်ယာစိုက်ပျိုးရေး

ဖြတ်သန်းစီးဆင်းလာသော သီးမစ်ချောင်းရေကို အမှီပြု၍ ဒေသခံ တိုင်းရင်းသားများသည် သီးမစ်လွင်ပြင်ရှိ လယ်မြေများပေါ်တွင် မိုးစပါးများ စိုက်ပျိုးခြင်း၊ တောင် စောင်းများတွင် လှေကားထစ်စိုက်ပျိုးခြင်း၊ စပျစ်ခြံများ၊ စတော်ဘယ်ရီခြံများ စိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေး ဝမ်းကျောင်းပြုလျက်ရှိကြသည်။ သီးမစ်လွင်ပြင်အတွင်း လယ်မြေ ဧက ၁၄၀ ခန့်ရှိပြီး ဒေသတွင်း ဆန်ဖူလုံရေး အတွက် အထောက်အကူပြုလျက်ရှိသည်။ မိုးရာသီ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် သီးမစ်လွင်ပြင်၏ အထက်မှ နေ၍ ကြည့်လိုက်လျှင် ရစ်ခွေစီးဆင်းနေသော သီးမစ် ချောင်းနှင့် စိုက်ပျိုးအောင်မြင်နေသော မိုးစပါးခင်းများကို လှပစွာ မြင်တွေ့နိုင်မည်ဖြစ်သည်။

ဆောင်းဦးရာသီ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စပါးခင်းများသည် ရင့်မှည့်နေသော ရွှေဝါရောင်စပါးခင်းများ ဖြစ်လာသည်။ ထိုအချိန်တွင် သီးမစ်ချောင်းအတွင်း ကလေးငယ်များ၊ လူငယ်လူရွယ်များ အတူ ငါးဖမ်းကြသည်မှာ ပျော်စရာကောင်းလှသည်။

သီးမစ်လွင်ပြင်နှင့် သင်္ကြန်

နွေရာသီရောက်လျှင် သီးမစ်ချောင်းတစ်လျှောက် ရေချိုးသူ၊ ရေကစားသူများနှင့် စည်ကားလျက်ရှိတတ်သည်။ ဧပြီလ မြန်မာ့အတာသင်္ကြန် အချိန်အခါတွင် ဟားခါးနှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်း များသည် သီးမစ်လွင်ပြင်သို့ စုပေါင်းရောက်ရှိလာကာ အဆိုအကများဖြင့် မြန်မာအတာသင်္ကြန်ကို ဆင်နွှဲခြင်း၊ စုပေါင်း၍ ချက်ပြုတ်စားသောက်ကြခြင်း၊ အလှဓာတ်ပုံများ ရိုက်ကူး မှတ်တမ်းတင်ခြင်းတို့ဖြင့် အထူး စည်ကားပြီး ပျော်ရွှင်စရာအကောင်းဆုံး အချိန်ဖြစ်သည်။

ဒေသခံ ချင်းတိုင်းရင်းသား လူငယ်လူရွယ်လေးများ အနေဖြင့် သီးမစ်လွင်ပြင်တွင် မင်္ဂလာဆောင် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးလေ့ရှိကြသလို လာရောက်လည်ပတ် သည့် ခရီးသွားပြည်သူများ၊ ဧည့်သည်များအနေဖြင့်လည်း အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ မရိုက်ဘဲမနေနိုင် အောင် ရာသီမရွေး လှပသာယာသော သီးမစ်လွင်ပြင်သို့ အားလပ်ရက်များတွင် တစ်ခါတစ်ခေါက် အရောက်လာကြ စေလိုကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။ ။

မြင့်နိုင်စိုး(ထီးလှိုင်မြေ)