တာလေ၊ မိုးမိတ်၊ လောက်ကိုင်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၆    ဖေဖော်ဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၇ နာရီခွဲက တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(အရှေ့) ကျေးရွာ အုပ်စု၊ လွန်းကျိုင်းကျေးရွာနေ အိုက်ဆွန်၏နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၆၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၃ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ရွှေကျောက်မောကျေးရွာအနီး တောလမ်းတွင် မသင်္ကာဖွယ် ရပ်တန့် ထားသည့် မော်တော်ယာဉ်တစ်စီး အား သွားရောက်စစ်ဆေး ရှာဖွေရာ NISSAN WINGROAD အမျိုးအစားယာဉ်အတွင်းမှ ငွေကျပ်သိန်း ၁၃၈၀ဝ တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၆၉၀,ဝ၀ဝ ကိုလည်းကောင်း၊ ထို့အတူ ထိုနေ့ ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ယုံရှင်းလမ်းသွယ် (၆)လမ်းနေ လော်လောက်ဖူး၏ နေအိမ်အားရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ဝ၀၈၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား  ၄,၆၀ဝ ၊ အိုက်စ် သုည ဒသမ ဝ၃၅ ကီလိုတို့ကိုသိမ်း ဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)