တာချီလိတ်၌ အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်း ဖွင့်လှစ်  

တာချီလိတ်  ၁၀  ဇန်နဝါရီ  

 

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အထူးရန်ပုံငွေထောက်ပံ့မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ  ကြီးမှူးစီစဉ်ပြုလုပ်သည့် အရည်အသွေးမြင့် အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ တောင်သူပညာပေးသင်တန်းခန်းမ၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

    

သင်တန်းတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က အရည်အသွေးမြင့် ကော်ဖီသီးနှံများစိုက်ပျိုးထုတ်လုပ်ကာ ဈေးကွက်ရရှိရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ 

 

2

 

၎င်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကော်ဖီမျိုးစေ့များ၊ ကော်ဖီနည်းပညာပေးလက်စွဲစာအုပ်များ၊ GAP စိုက်နည်းစနစ်စာအုပ်၊ ကော်ဖီအခွံချွတ်စက်နှင့် ပညာပေးလက်ကမ်းစာစောင်များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက တောင်သူများထံ ပေးအပ်သည်။

 

အဆိုပါ သင်တန်း၌  ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ဦးစီးအရာရှိ ဦးဟန်မင်းဦး နှင့် ဝန်ထမ်းများက ကော်ဖီအကြောင်း သိကောင်းစရာများ၊ ကော်ဖီမျိုးများဖော်ပြချက်နှင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ကော်ဖီမျိုးများ၊ ကော်ဖီစိုက်ပျိုးရေးအတွက် ရှိသင့်သည့် ရာသီဥတုနှင့် မြေအမျိုးအစား၊ ပျိုးခင်းတည်ထောင် ထိန်းသိမ်းခြင်း၊ ကော်ဖီစိုက်ပျိုးရန်ပြင်ဆင်ခြင်းနှင့် စိုက်ပျိုးခြင်း၊ ကော်ဖီပင် ကိုင်းဖြတ်ပြုပြင်ခြင်း၊ ကော်ဖီသီး ခူးဆွတ် ခြင်း၊ ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းနှင့် ကော်ဖီဈေးကွက်ဆိုင်ရာတို့ကို အသီးသီးဆွေးနွေးပို့ချကာ ကော်ဖီပင် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ အသီးခူးဆွတ်ခြင်းနှင့် ကိုင်းဖြတ်ခြင်းတို့အား လက်တွေ့သရုပ်ပြသပို့ချခဲ့သည်။

 

သင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား ၁၅၉ ဦးတက်ရောက်ပြီး နှစ်ရက်ကြာဖွင့်လှစ် သွားမည်ဖြစ်ရာ ဝန်ထမ်းများနှင့် ကော်ဖီစိုက်တောင်သူများ၏ စွမ်းရည်မြှင့်တင်ပေးနိုင်မည်ဖြစ်ခြင်း၊ နည်းပညာ အသစ်များတိုးတက်ရရှိခြင်းနှင့်အတူ အရည်အသွေးမြင့်ကော်ဖီများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့်  တောင်သူများဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

 

ဖြိုးလေး(တာချီလိတ်)