တာချီလိတ်မြို့တွင်  ဆိုင်ကယ်သူခိုးနှင့် ပစ္စည်းလက်ခံ ပုံဖျက်ပေးသူများနှင့်အတူ  ဆိုင်ကယ် ၇ စီး သိမ်းဆည်းရမိ

တာချီလိတ် ၁၂ ဩဂုတ်

 

တာချီလိတ်မြို့နယ်အတွင်း လှည့်လည်ကာ ဆိုင်ကယ်ခိုးယူနေသူ ၃ ဦးနှင့် ခိုးရာပါ ဆိုင်ကယ်များကို လက်ခံ ဝယ်ယူကာ ပုံဖျက်ပေးနေသူ ၃ ဦးတို့ကို ယနေ့  နံနက် အစောပိုင်းက ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

 

တာချီလိတ်မြို့နယ်အတွင်း ဆိုင်ကယ်ခိုးယူခံရမှု များပြားနေသည့်အတွက် ကင်းလှည့်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ သည် ယနေ့ နံနက် ၂ နာရီခန့်က မသင်္ကာဖွယ်ရာ ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

 

ပြစ်မှုကျူးလွန်သူ  ၃ ဦးကို ဖမ်းဆီးရမိရာမှ စစ်ဆေးရာ ၎င်းတို့ခိုးယူလာသည့် ဆိုင်ကယ်များကို လက်ခံဝယ်ယူကာ ပုံဖျက်ပေးနေသည့် ဆိုင်ကယ်ပြင်ဆိုင်ကို ထပ်မံဝင်ရောက်စစ်ဆေးရာ ဆိုင်ကယ် ခုနစ်စီးနှင့်အတူ ၎င်းဆိုင်ကယ်ပြင်ဆိုင်မှ ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူများကို အမှုဖွင့်လှစ်ဆောင်ရွက်နေပြီး သိမ်းဆည်းမိသည့် ဆိုင်ကယ်များကိုလည်း စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ပိုင်ရှင်ရှာဖွေကာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)