Tik Tok ကို အမျိုးသားလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်ရှုမြင်

၁၂ ဇူလိုင်

 

အချိန်တိုတောင်းတဲ့ ဗီဒီယိုရိုက်ကူးမှုပုံစံတစ်မျိုးနဲ့ သုံးစွဲသူတွေကို ဖျော်ဖြေတင်ဆက်မှုပေးနိုင်အောင် ဖန်တီးထားတဲ့ Tik Tok အက်ပလီကေးရှင်းဟာ အမေရိကန်ပြည်ထောင်စုမှာ လူကြိုက်များနေတဲ့ အဓိကအစိတ်အပိုင်းတစ်ခုလို ဖြစ်လာခဲ့ပြီး နိုင်ငံရေးဆိုင်ရာ ပြက်လုံးတွေ၊ လှောင်ပြောင်သရော်မှုတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှု ပြောင်းလဲရေးကိစ္စတွေကို ဖြန့်ဝေရာ စင်္ကြံတစ်ခုလို ဖြစ်လျက်ရှိပါတယ်။

 

တစ်တော့သုံးစွဲမှုပိတ်ပင်မည်

 

လူမှုကွန်ရက်မီဒီယာနယ်ပယ်မှာ အင်အားကောင်း ကောင်းနဲ့ လွှမ်းမိုးထားတဲ့ ဖေ့စ်ဘွတ်ခ်ဟာဆိုရင် Tik Tok အက်ပလီကေးရှင်းကို ပုံစံတူပြုလုပ်ဖို့ကြိုးပမ်း ခဲ့ပေမယ့် အဲဒီကြိုးပမ်းမှုက Tik Tok အက်ပလီ ကေးရှင်းရဲ့ အောင်မြင်မှုကို အရှိန်လျော့သွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။

 

ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ Tik Tok ဟာ အမေရိကန်ပြည်ထောင်စုမှာ ၎င်းရဲ့နေရာချဲ့ထွင်မှုအပေါ် ကြီးကြီးမားမားခြိမ်းခြောက်ခံနေရပြီး အဲဒီခြိမ်းခြောက်မှုဟာ ယှဉ်ပြိုင်ဘက်တွေဆီက မဟုတ်ဘဲ အမေရိကန် အစိုးရဆီကလာတဲ့ ခြိမ်းခြောက်မှုတစ်ခုပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းရဲ့အစိုးရအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု အတွင်းမှာ Tik Tok အက်ပလီကေးရှင်းသုံးစွဲမှုကို ပိတ်ပင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

လူငယ်တွေအကြား ရေပန်းစား

 

တရုတ်နည်းပညာကုမ္ပဏီက ပိုင်ဆိုင်တဲ့ Tik Tok အက်ပလီကေးရှင်းကို ပိတ်ပင်ဖို့နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။ Tik Tok အက်ပလီကေးရှင်းဟာ အမေရိကန် ပြည်ထောင်စုက မိုဘိုင်းဖုန်းသုံးစွဲသူလူငယ်တွေအကြားမှာ အတော်လေးရေပန်းစားနေပြီး ဒီအက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်မှုဟာ အကြိမ်ပေါင်း ၁၆၅ သန်းရှိ ပါတယ်။

 

ဝေဖန်ရေးသမားတချို့ကတော့ Tik Tok ဟာ လျှို့ဝှက်ထောက်လှမ်းမှုလုပ်ဆောင်တဲ့ ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနိုင်ဖွယ်ရှိကြောင်း ယခင်ကတည်းက ဖော်ပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆီးနိတ်လွှတ်တော် လူနည်းစုခေါင်းဆောင် ချပ်စကူးမားနဲ့ အာရန်ကန်ဆက် ရီပတ်ဘလစ်ကန်ဆီးနိတ်လွှတ်တော်အမတ် တွမ်ကော် တွန်တို့က အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တဲ့ Tik Tok ရဲ့အန္တရာယ်နဲ့ပတ်သက် ပြီး အကဲဖြတ်ချင့်ချိန်မှုတွေ ဆောင်ရွက်ဖို့ ထောက်လှမ်း ရေးအဖွဲ့အစည်းကို တိုက်တွန်းခဲ့ပါတယ်။

 

အချက်အလက်တွေ ပေးမှာမဟုတ်

 

Tik Tok ကုမ္ပဏီကတော့ ၎င်းအပေါ် စွပ်စွဲထားတာ တွေဟာ အထောက်အထားခိုင်လုံမှု မရှိဘူးဆိုပြီး တုံ့ပြန် ချေပထားပါတယ်။ တရုတ်နိုင်ငံကနေ ၎င်းရဲ့လွတ်လပ် တဲ့ရပ်တည်မှုကို လေးနက်စွာ ဖော်ပြနိုင်ဖို့ရာအတွက် Tik Tok ကုမ္ပဏီက မကြာသေးခင်ကမှ အမေရိကန် စီအီးအိုတစ်ယောက်ကို ငှားရမ်းခဲ့ကြောင်း ကိုးကားဖော်ပြ ထားသလို ကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေရဲ့ အချက် အလက်တွေကို အမေရိကန်အစိုးရဆီ ဘယ်တုန်းကမှ မပေးခဲ့ဘူးဆိုတဲ့အကြောင်းနဲ့ အကယ်၍ အစိုးရက တောင်းဆိုလာခဲ့မယ်ဆိုရင်တောင် အချက်အလက်တွေကို ပေးမှာမဟုတ်ကြောင်း အတိအလင်းဆိုထားပါတယ်။

 

အိန္ဒိယကလည်း ပိတ်ပင်မည်

 

နိုင်ငံအတွင်းမှာ Tik Tok အက်ပလီကေးရှင်း အသုံးပြု မှုကို မျက်စိစပါးမွေးစူးနေတာဟာ တကယ်တော့ အမေရိကန်တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အိန္ဒိယတပ်ဖွဲ့ တွေနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေ နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲဖြစ် ပွားခဲ့တဲ့ အချိန်ကစပြီး အိန္ဒိယနိုင်ငံက ၎င်းရဲ့ပြည်သူလူထု အတွင်းမှာတင် တရုတ်နိုင်ငံကလုပ်တဲ့ တခြားအက်ပလီ ကေးရှင်းတွေ Tik Tok နဲ့ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင် မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုလို ခေါင်းဆောင်တွေက Tik Tok ကို တည်ဆဲခြိမ်းခြောက်မှု တစ်ခုအဖြစ် ဖော်ပြနေကြပေမယ့် ဆိုက်ဘာလုံခြုံရေး အဖွဲ့အစည်းအတွင်းက တာဝန်ရှိသူတွေ အများစုက တကယ့်အမှန်တရားဟာ ဒီထက်ပိုပြီး ရှုပ်ထွေးနက်နဲတယ် လို့ ပြောဆိုနေကြပါတယ်။ ကျွမ်းကျင်တချို့ကတော့ ဒီကိစ္စဟာ တရုတ်နိုင်ငံအပေါ်မှာ သမ္မတထရမ့်ရဲ့ ရန်လိုတဲ့ ချဉ်းကပ်ပုံကြောင့် ရှုပ်ထွေးနက်နဲသွားရတယ်လို့ မှတ်ချက် ချခဲ့ပြီး လက်ရှိအခြေအနေတွေဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံရေးဆိုင်ရာ ဦးစားပေးကိစ္စတွေရဲ့ ထင်ဟပ်မှုတစ်ခု ဖြစ်တယ်လို့ ဆိုကြပါတယ်။

 

ထရမ့်ရဲ့ချဉ်းကပ်ပုံကိုစိုးရိမ်

 

ကျွမ်းကျင်သူတွေက တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဟွာဝေးကုမ္ပဏီမှာ သမ္မတထရမ့်ရဲ့ချဉ်းကပ်ပုံ၊ ကိုင်တွယ်ပုံတွေနဲ့ပတ်သက်ပြီးတော့လည်း အလားတူ စိုးရိမ်ပူပန်မှု မြင့်တက်နေပါတယ်။ ပြီးတော့ ထရမ့်ဟာ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အမျိုးသား လုံခြုံရေးကို ရောရောထွေးထွေးလုပ်ပစ်လိုက်တယ်ဆိုပြီး ၎င်းတို့က ဝေဖန်လျက်ရှိပါတယ်။

 

ဥပဒေရေးဆွဲသူတွေက Tik Tok ကို ဘာကြောင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေ ရတဲ့ အကြောင်းကို နားလည်ဖို့ဆိုရင် နည်းပညာကုမ္ပဏီ ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုလည်း သိဖို့လိုအပ်မှာ ဖြစ်ပါတယ်။ Tik Tok ကို တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် Tik Tok ဟာ တရုတ်နိုင်ငံမှာ လုပ်ငန်းဆောင်ရွက်မှုမရှိသလို လက်အောက်ခံကုမ္ပဏီတစ်ခုအနေနဲ့ လည်ပတ်နေတဲ့ Tik Tok ရဲ့ လုပ်ငန်းဆောင်ရွက်မှုအစိတ်အပိုင်းတွေဟာ လွတ်လပ်မှုရှိတယ်လို့ သိရပါတယ်။

 

လွှဲပြောင်းမှာကိုစိုးရိမ်နေ

 

မူဝါဒရေးဆွဲသူတွေ အဓိကစိုးရိမ်ပူပန်နေကြတဲ့ကိစ္စ ကတော့ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာဥပဒေအရ ByteDance ကုမ္ပဏီက Tik Tok သုံးစွဲသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တရုတ်အစိုးရဆီလွှဲပြောင်းပေးလိုက်မှာကို အကြီးအကျယ်စိုးရိမ်နေခြင်း ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Tik Tok က အမေရိကန် Tik Tok သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အမေရိကန်အခြေစိုက် ဆာဗာတွေမှာသာ သိမ်းဆည်း နေတာဖြစ်ပြီး ဒီအချက်အလက်တွေက တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေအားဖြင့် ပစ်မှတ်ထား ခြင်းခံရစရာ မရှိဘူးလို့ ဖြေရှင်းထားပါတယ်။

 

လျှို့ဝှက်ထောက်လှမ်းရေးအတွက် ပစ္စည်းကောင်း တစ်ခု မဖြစ်နိုင်

 

အယုံအကြည်မရှိတဲ့ ဝေဖန်သူတွေကတော့ Tik Tok ရဲ့ မူရင်းကုမ္ပဏီဖြစ်တဲ့ ByteDance ဟာ တရုတ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပြီး စိတ်မချရဘူးလို့ ဆိုပါ တယ်။ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတချို့ကတော့ Tik Tok ဟာ ပုဂ္ဂလိက တရုတ်ကုမ္ပဏီတစ်ခုနဲ့ ဆက်နွှယ်နေပြီး စိုးရိမ်လောက်တဲ့ အခြေအနေရှိတယ် ဆိုတာမှန်ပေမယ့် လျှို့ဝှက်ထောက်လှမ်းရေးအတွက် အသုံးဝင်တဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်မယ်လို့ မထင် မိဘူးလို့ ဆိုထားပါတယ်။

 

မူဝါဒရေးဆွဲသူတွေနဲ့ လုံခြုံရေးဆိုင်ရာကျွမ်းကျင် သူတွေ စိုးရိမ်ပူပန်နေတဲ့ နောက်တစ်ချက်ကတော့ Tik Tok ဟာ လိမ်ညာလှည့်ဖြားတဲ့ပြောစကားဖော်ပြ မှုတွေအတွက် ပင်မစင်္ကြံတစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်ဖြစ်တယ်လို့ သိရပါတယ်။ ။

 

ကိုးကား- စီအင်န်အင်န်

ကလျာမိုးမြင့်