ထိုင်းနိုင်ငံ၌ ပထမဆုံး အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူတွေ့ရှိ

ဘန်ကောက် ဒီဇင်ဘာ ၇

 

ထိုင်းနိုင်ငံ၌ အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် ပထမဆုံးကူးစက် ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဒီဇင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ။ စပိန်မှ ပြန်လည်ရောက်ရှိလာသော အမေရိကန်ခရီးသွားကို စစ်ဆေးရာမှ ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

အသက် ၃၅ နှစ်ရှိ အမေရိကန် ခရီးသွားသည် ဒူဘိုင်းမှတစ်ဆင့် လေယာဉ်ကူးပြောင်းစီးခဲ့ပြီး စပိန်မှ ပြန်လာသူဖြစ်ကြောင်းနှင့် စစ်ဆေးမှုများအရ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်သစ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။

 

အဆိုပါခရီးသွားသည် လက်ရှိတွင် ဘန်ကောက်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ ဒီဇင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၄၀၀၀ တွေ့ရှိခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း နောက်ထပ် ၂၂ ဦး ထပ်မံ သေဆုံးခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂ ဒသမ ၁၄ သန်းကျော်ရှိ လာပြီး သေဆုံးသူပေါင်းမှာလည်း ၂၀၉၆၆ ဦးဖြစ်ကြောင်းကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြထားသည်။

 

ဆင်ဟွာ