ထိုင်းနိုင်ငံ၌ ဇွန်လမှစ၍ လစဉ် ပြည်သူ ၁၀ သန်းအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

ဗန်ကောက် ၁၂ ဖေဖော်ဝါရီ

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အစုလိုက် အပြုံလိုက်ထိုးနှံမှုကို ဇွန်လမှစတင်မည်ဖြစ်ပြီး လစဉ် ပြည်သူ ၁၀ သန်းခန့်အား ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ သတင်းများအရ သိရသည်။

နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံပေးရေးအစီအစဉ်အရ ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါအခံရှိသော ပြည်သူ များအား မေလမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။

နိုင်ငံလူဦးရေ သန်း ၇၀ ၏ ထက်ဝက်ခန့်ကို ကာကွယ် ဆေးထိုးနှံပေးမည့် ယခုအစီအစဉ်သည် အစိုးရ၏ ကာကွယ် ဆေးထိုးနှံပေးမည့်အစီအစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လျက်ရှိစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်သန်းကို ပထမလေးလအတွင်း ရှေ့တန်း မျက်နှာစာတွင် ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးသွားမည်ဖြစ်သည်။ အဆိုပါကာကွယ်ဆေးများသည် ယခုလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှု ဒုတိယအဆင့်အနေဖြင့် ဇွန်လမှ ဒီဇင်ဘာလအထိ တစ်လလျှင် ပြည်သူ ၁၀ သန်း အား AstraZeneraကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်သည်။ အဆိုပါ AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၆၁ သန်းကို ပြည်တွင်းဆေးဝါး ကုမ္ပဏီဖြစ်သည့် siam Bioscience မှ ထုတ်လုပ်ပေးမည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ရန် ဆေးရုံ ( ၁၀၀၀ ခန့် ပြင်ဆင်ထားရှိပြီး အဆိုပါဆေးရုံတစ်ရုံစီတွင် တစ်ရက်လျှင် ပြည်သူ ၅၀၀ ခန့်အား ကာကွယ်ဆေးထိုးနှံ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်မကုန်မီ အရွယ်ရောက်ပြီးသည့်ပြည်သူ ၆၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးပြီးဖြစ်စေရန် ထိုင်းအစိုးရက ရည်ရွယ်ထားသည်။

လက်ရှိအချိန်အထိ နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၁၀၄ ဦးရှိပြီး သေဆုံးသူ ၈ဝ ရှိကြောင်း သိရသည်။

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အောင်ကျော်ကျော်