ထားဝယ်မြို့ရှိ အထင်ကရဘုရားများနှင့် ဘုရားပုထိုးစေတီများတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်းကားလျက်ရှိ

ထားဝယ် ၁၁ နိုဝင်ဘာ

 

တန်ဆောင်းမုန်းလပြည့်နေ့အခါသမယတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ အထင်ကရဘုရားများ၊ စေတီပုထိုးများတွင် ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဉပုသ်သီလ ဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

           

ထိုနောက်  ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးနှင့် သမိုင်းဝင်အထင်ကရဘုရားများတွင် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများက ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ကြပြီး ဘုရား၊ ပုထိုး၊ စေတီများတွင် အဓိဌာန်ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

           

“သာမန်နေ့ထက် နေ့ထူးနေ့မြတ်တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်နေတာကြောင့် ဘုရားဖူးသူများတယ်။ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ဆုံနေသောကြောင့် မိသားစုလိုက် လာရောက်ဖူးမြော်ကြည်ညိုသူကများတယ်။ ထားဝယ်ဒေသမှာဆိုရင် သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများ၊ အထင်ကရဘုရားများမှာလည်း အဓိဌာန်ဖြင့်လာရောက် ဖူးမြော်ကြည်ညိုသူတွေလည်းရှိတယ်။  နိုင်ငံခြားခရီးသွားဧည့်သည် အနည်းငယ်သာ လာရောက်ဖူးမြော်တယ်” ဟု ရှင်ပင်ခရုဘုရားဂေါပကဉက္ကဋ္ဌ ဦးကျော်ဝင်း က ပြောသည်။

 

ထိုအတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းများ၊ သမိုင်းဝင်ရှင်ကိုးရှင် ဘုရားများ၊ ဘုရား၊ ပုထိုး၊ စေတီများထင်ရှားကျော်ကြားလျက်ရှိပြီး အပန်းဖြေနားနေစရာအဖြစ် မောင်းမကန်ကမ်းခြေ အပါအဝင် ကမ်းခြေများတွင်လည်း ခရီးသွားလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

(ထားဝယ်ခရိုင်ပြန်/ဆက်)

 

efw