ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားအား တန်ဆောင်မုန်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

နေပြည်တော် ၈  နိုဝင်ဘာ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက် ရှိသည့် ထာဝရငြိမ်းချမ်းရေး စေတီတော် ရွှေထီးတော်တင်၊ အထက်ဌာပနာတော်သွင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားများကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

 

ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီးအား ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်မှုဖြင့် နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများစုပေါင်း၍ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်သန်ကာ တည်ထားကိုးကွယ်ခြင်းဖြစ်ပြီး စေတီတော် တည်ထားကိုးကွယ်ရေးဆိုင်ရာ မဟာမင်္ဂလာ ၉ မျိုးအနက် အနန္တရာယိက မြေသန့်မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် မေ ၁၇ ရက်တွင် လည်းကောင်း၊ ရတနာပန္နက် တော်တင် တွင်းတော်ဝန်းမဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် မေ ၁၈ ရက်တွင် လည်းကောင်း၊ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင် လည်းကောင်း၊ သတ္တဋ္ဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် ဇွန် ၁၉ ရက်တွင်လည်း ကောင်း၊ အလယ်ဌာပနာတော်သွင်း မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက် တွင်လည်းကောင်း၊ ပန်းလည်တိုင် စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လည်းကောင်း အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။

 

mdn

 

ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေစင်ရွှေသား ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုသို့ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်မှ မေ ၂၁ ရက်အထိ လှည့်လည်အပူဇော်ခံခဲ့သည်။  ပူဇော်ခံထားရှိသည့် မြို့ကြီးများတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေးတရားတော်များ ဟောကြားချီးမြှင့်ပြီး စေတနာရှင်ပြည်သူများက စေတီတော်ကြီး တည်ထားကိုးကွယ်ရေးအတွက် အလှူငွေများထည့်ဝင်လှူဒါန်း၍ ကုသိုလ်ယူခဲ့ကြသည်။

 

ထာဝရငြိမ်းချမ်းရေးစေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၀၈ ပေရှိသည်။  စေတီတော် အရံ ၈၀ ပါရှိကာ ရင်ပြင်တော်အကျယ် ၃၀၆ ပေရှိသည်။  ဂန္ဓကုဋိတိုက် အတွင်းအပြင်နံရံများကို စကျင်ကျောက်သားများဖြင့် ကာရံထားပြီး အမြင့် ၇၄ ပေရှိ တံခွန်တိုင်အား စကျင်ကျောက်သားများဖြင့် ထုလုပ်ထားသည်။

 

စေတီတော်ကြီး ရွှေထီးတော်တင်လှူပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပနေမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး

 

mdn

 

 

mdn