သူရဲကောင်း စတစ်ဖို (ကရင်တိုင်းရင်းသားရိုးရာပုံပြင်)

ခိုင်မြဲသူယျ

 

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးအသီးသီးတို့တွင် ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ အထိမ်းအမှတ်နေ့များ၊ အမျိုးသားစရိုက် လက္ခဏာများ၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ၊ တူရိယာနှင့် တေးသီချင်းများ၊ သမိုင်းမှတ်တမ်းဆိုင်ရာ စာပေများ၊ ရိုးရာပုံပြင်များနှင့် ဒဏ္ဍာရီများ ကိုယ်စီကိုယ်ငှ ရှိကြလေသည်။ ယခုဖော်ပြမည့် သူရဲကောင်းစတစ်ဖို ပုံပြင်မှာ တိုင်းရင်းသားကရင်လူမျိုးများ၏ ရိုးရာပုံပြင် တစ်ခုပင်ဖြစ်သည်။

 

ရှေးအခါက စတစ်ဖိုဟု အမည်ရသော ကရင်လူငယ်လေးတစ်ယောက် ရှိသည်။ စတစ်ဖို၏ အဖေနှင့် အမေသည် စတစ်ဖို ငယ်စဉ်ကလေးဘဝကတည်းက ကွယ်လွန်သွားခဲ့သည့်အတွက် စတစ်ဖိုမှာ အဘွားဖြစ်သူနှင့်သာ နေထိုင်ကြီးပြင်းခဲ့ရသည်။ မိဘမဲ့မြေးကလေးကို အင်မတန်ချစ်သော အဘွားသည် သားအချစ် မြေးအနှစ်ဆိုသလို အမည်နာမတစ်ခုကိုတောင် မပေးရက်ဘဲ စတစ်ဖိုဟုသာ ချစ်စနိုးခေါ်ဆိုခဲ့သည်။ ထိုအခါ ပတ်ဝန်းကျင်ရှိ လူအများကလည်း အဘွားခေါ်သလို စတစ်ဖိုဟု ခေါ်ဆိုကြသည်။ စတစ်ဖို၏ အဓိပ္ပာယ်မှာ မြန်မာလို "ငယ်ငယ်လေး" ဆိုသည့် အဓိပ္ပာယ်မျိုးပင်ဖြစ်သည်။ စတစ်ဖိုသည် မိမိအား လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့သော အဘွားကို ပြန်လည်၍ တရိုတသေ ကျွေးမွေးစောင့်ရှောက်သည်။ ကျယ်ပြောလှသော လောကကြီးထဲတွင် တွယ်တာစရာဆို၍ အဘွားတစ်ခု မြေးတစ်ခုသာရှိရာ စတစ်ဖိုတို့ မြေးအဘွားနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ကြသည်။

 

နွေရာသီ၏နေ့တစ်နေ့။ စတစ်ဖိုတို့ အိမ်ကလေးသည် တောင်စောင်းတွင် တည်ရှိသည်။ ထိုနေရာတွင် နေရောင်ပြည့်ပြည့်စုံစုံ မရသော်လည်း တောင်ထိပ်တွင်မူ နေခြည်သည် ထွန်းလင်းလျက်ရှိသည်။ အဘွားက စပါးတွေကို လှန်းရန် နေခြည်တောက်ပနေသော တောင်ထိပ်ဆီသို့ တက်သွားသည်။ စပါးလှန်းပြီးသည့်နောက် ကောင်းကင်က နေမင်းကို အမှုမဲ့အမှတ်မဲ့ မော့ကြည့်လိုက်သည်။ နေရောင်သည် ပူပြင်းစူးရှလွန်းသည့်အတွက် အဘွား၏ မျက်စိအစုံကို ဖျက်ဆီးပစ်လိုက်သည်။ ထိုနေရာတွင်ပင်အဘွားသည် ခေတ်လဲကျသွားသည်။ စတစ်ဖိုသည် အဘွားကို ထူထားရင်း မျက်ရည်များ တသွင်သွင်ယိုစီးကျလာသည်။ အဘွားသာ ကတိမ်းကပါးဖြစ်ရင် ငါဘယ်လိုနေရမလဲ  ဆိုသည့်အတွေးနှင့် စတစ်ဖိုက ဝမ်းပန်းတနည်း ငိုကြွေးသည်။ အဘွားအနေနဲ့ကလည်း ရက်စက်ကြမ်းကြုတ်လှသည့် လောကအလယ်၌ မြေးငယ်ကို မျက်စိသူငယ် တစ်ကောင်ကြွက် ထားရစ်ခဲ့ရမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် အဘွားက လောကနဲ့မဝေးမီမှာ စတစ်ဖိုကို အတန်တန်မှာကြားပြီး လောကကို ကျောခိုင်းသွားလေသည်။ အဘွားမှာကြားခဲ့သည့် စကားများအနက် စတစ်ဖို မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စမှာ နေ၏ စူးရှပူလောင်သောအပူရှိန်ကြောင့် သေဆုံးခဲ့ရသည့် အဘွားရဲ့ အသက်လျော်ကြေးကို နေမင်းဆီသွားရောက် တောင်းဆိုရယူရန်ပင်ဖြစ်သည်။

 

စတစ်ဖိုသည် ကရင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းအရ အဘွား၏ရုပ်အလောင်းကို မီးသင်္ဂြိုဟ်သည်။ အရိုးကောက်ပွဲ ကျင်းပသည်။ ပြုဖွယ်ကိစ္စများ ဆောင်ရွက်ပြီးသည့်နောက် အဘွား၏ အသက်လျော်ကြေး တောင်းရန် နေမင်းရှိရာအရပ်သို့ ထွက်ခွာလာခဲ့သည်။

 

ဆောင်းနှောင်းနှင့် နွေဦးရာသီ နေ့ရက်များ။ တောတောင်နှင့် သဘာဝအလှများသည် သာယာလှပနေသည်။ ပန်းတချို့ ဖူးပွင့်နေသည်။ ပန်းတချို့က ကြွေကျပြီး ညင်သာသော စမ်းရေကျသံနှင့်အတူ စမ်းရေထဲ မျောပါသွားသည်။ ယောက်ဖခွေးခေါ် ငှက်သံ၏ အကြိုတေးသံကလည်း တောတောင်ထဲ၌ သာယာစွာထွက်ပေါ်နေသည်။ သည်လိုတည်ရှိနေသည့် တောတောင်နဲ့သဘာဝကို ကျော်ဖြတ်ပြီး နေမင်းဆီကို သွားနေသူက စတစ်ဖို။ တကယ်တော့ အဘွား၏အသက်ကြွေးသည် စတစ်ဖိုအတွက် ရာဇဝင်ကြွေးလည်းဖြစ်သည်။ "ဒီရာဇဝင်ကြွေးနဲ့ အသက်ကြွေးကို နေမင်းဆီမှာ မတောင်းရင်၊ မရယူရင်အဘွားအပေါ် ချစ်ရာမရောက်၊ ကျေးဇူးပြုရာလည်း မရောက်ဘဲ အညံ့ခံသစ္စာဖောက်ရာ ကျရောက်ဦးမယ်" ဟု စတစ်ဖိုက ယူဆထားသည်။ ထို့ကြောင့် စတစ်ဖိုသည် ရဲရဲရင့်ရင့် သတ္တိရှိရှိနှင့် နေမင်းဆီကို ရာဇဝင်ကြွေးတောင်းရန် သွားလာနေသည်။ ထိုသို့ တောလမ်းနှင့် တောင်လမ်းများအတိုင်း ဖြတ်သန်းလာရာ စတစ်ဖိုကို တောဝက်ကြီးတစ်ကောင်က လှမ်းမြင်လိုက်သဖြင့် သူ့အနားသို့ ချဉ်းကပ်ပြီး စတစ်ဖိုနှင့်အတူ လိုက်ပါရစေဟု ခွင့်တောင်းလာသည်။ "လမ်းခရီးမှာ ဘေးအန္တရာယ်တော့ရှိတယ်။ ဒါပေမယ့် သင့်စိတ် သင်နိုင်ရင်လိုက်ခဲ့" ဟု စတစ်ဖိုက ပြန်ပြောသည်။ တောဝက်ကြီးက "ကိစ္စမရှိပါဘူး။ လိုက်ခဲ့မယ်" ဟု ပြောဆိုကာ လိုက်ပါလာသည်။ စတစ်ဖိုနှင့်တောဝက်ကြီးတို့ ဆက်လက်ထွက်ခွာလာရာ ခရီးစခန်းတစ်ခုအရောက်တွင် ကျားကြီးတစ်ကောင်နှင့် တွေ့ပြန်သည်။ ကျားကြီးကလည်း "ဘယ်သွားမှာလဲ သူလည်း လိုက်ပါရစေ" ဟု ခွင့်တောင်းပြန်သည်။ စတစ်ဖိုကလည်း ကျားကြီးကို သနားသောကြောင့် "လိုက်ချင်ရင် လိုက်ခဲ့လေ"ဟု ပြောဆိုပြီး ခွင့်ပြုပြန်သည်။ ဤသို့ဖြင့် စတစ်ဖို၊ တောဝက်ကြီးနှင့် ကျားကြီးတို့ သူငယ်ချင်းသုံးဦးသည် ပျော်ပျော်ပါးပါးနှင့် ခရီးဆက်လက် ထွက်လာကြသည်။ စတစ်ဖိုက "ပျင်းတယ်ကွာ။ သီချင်းဆိုကြ" ဟု ပြောရာ တောဝက်ကြီးနှင့် ကျားကြီးတို့သည် စတစ်ဖို မပျင်းရအောင် တစ်ယောက်တစ်လှည့် တေးသီချင်းဆိုကြသည်။ ထို့ကြောင့် တောဝက်ကြီးနှင့် ကျားကြီးတို့၏ တေးသီချင်းသံများသည် တစ်တောလုံး ညိုညံနေလေသည်။ ၎င်းတို့၏ တေးသီချင်းများကလည်း စိတ်ဓာတ်တက်ကြွစရာများသာဖြစ်သည်။

 

"နေမင်းဆီကို သွားမယ်။ ရာဇဝင်ကြွေး သွားတောင်းကြမယ်။ လိုက်မလားဟေ့ သူငယ်ချင်းရယ်။ ရာဇဝင်ကြွေးရမှ ပြန်ခဲ့ကြမယ်.."

 

ထိုသို့ အဓိပ္ပာယ်ရှိသည့် တေးသီချင်းများကို တက်တက်ကြွကြွ သီဆိုသွားကြသည်။ ထို့ကြောင့်တစ်တောလုံး တစ်တောင်လုံးတွင်ရှိကြသော သတ္တဝါများကလည်း အုန်းအုန်းကျွက်ကျွက် ဖြစ်လာပြီး စတစ်ဖိုတို့ကို ထွက်ကြည့်ကြသည်။ စတစ်ဖိုတို့ နေမင်းဆီသွားပြီး အဘွားအသက်လျော်ကြေးသွားတောင်း မည်ဟု သိရသောအခါ တစ်လမ်းလုံးမှာ ထွက်ကြည့်ကြသည့် သတ္တဝါများအနက် ကျောက်လိုမာကျောခိုင်မာသည့် သတ္တဝါ၊ ဓားသွားလို ချွန်ထက်သည့် သတ္တဝါ၊ ဝါဂွမ်းလို ပေါ့ပါးသည့်သတ္တဝါ၊ မီးလိုပူသည့်သတ္တဝါ၊ ရေလိုအေးသည့်သတ္တဝါ၊ ဆားလိုငန်သည့် သတ္တဝါ၊ ငရုတ်သီးလို စပ်သည့်သတ္တဝါ အစရှိသည့် သတ္တဝါအပေါင်းတို့သည် တပ်မကြီးချီလျက် စတစ်ဖို၏နောက်ကို လိုက်ပါလာ ကြလေသည်။ စတစ်ဖိုလည်း တောဝက်ကြီးနှင့် ကျားကြီးတို့ကို လက်ဝဲ၊ လက်ယာရံပြီး နောက်ပါသတ္တဝါမျိုးစုံနှင့် နေမင်းထံ ခရီးဆက်ခဲ့သည်။ သည်လိုနှင့် စတစ်ဖို၏ ထူးခြားသည့် အချင်းအရာကို မြင်တွေ့ရသော စမာတိုဆိုသည့် လူငယ်တစ်ယောက်ကလည်း အားကျမိပြီး စတစ်ဖိုထံ ခွင့်တောင်းကာ လိုက်ပါလာပြန်သည်။ ခရီးစဉ်အတိုင်း ထွက်လာခဲ့ကြရာ နောက်ဆုံးတွင် နေမင်းထံကို ရောက်လာကြသည်။ နေမင်းဆီက အဘွား အသက်လျော်ကြေး တောင်းကာနီးဆဲဆဲတွင် စတစ်ဖိုက သူနှင့်အတူလိုက်ပါလာသည့် မိတ်ဆွေများကို တစ်စုံတစ်ရာ ဘေးအန္တရာယ်ကြုံတွေ့ပါက အဆင်သင့်ရင်ဆိုင်နိုင်ရေးအတွက် အသင့်အနေအထား ပြင်ဆင်ထားကြရန် အမိန့်ပေးလိုက်သည်။ ထို့နောက် စတစ်ဖိုက နေမင်းနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး အောက်ပါအတိုင်း ပြောဆိုသည်။

 

"အသင်နေမင်း၊ ကျွန်ုပ်ဟာ စတစ်ဖိုဖြစ်တယ်။ သင်ရဲ့ အပူရှိန်ကြောင့် မျက်လုံးပျက်စီးပြီး သေဆုံးခဲ့ရတဲ့ ကျွန်ုပ်အဘွားအတွက် ကျွန်ုပ် အသက်လျော်ကြေးလာတောင်းတယ်။ အဘွား အသက်လျော်ကြေးအဖြစ် ကျွန်ုပ်ကို ဖားစည်သုံးဆယ်လုံးနဲ့ မောင်းအချပ်သုံးရာ ပေးလော့။ အသင် ပေးမပေး အခုချက်ချင်း အဖြေပေးလော့”

 

စတစ်ဖိုက ရာဇဝင်ကြွေးကို ရဲရင့်တည်ကြည်စွာ တောင်းဆိုလိုက်သည်။ နေမင်းလည်း စတစ်ဖို၏ စကားကိုကြားသောအခါ ခဏမျှတွေဝေသွားသည်။ ထို့နောက် သတ္တိချင်း၊ တန်ခိုးချင်း၊ စွမ်းရည်ချင်း ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဧရာမကြီးမားသော ကြက်ဖကြီးတစ်ကောင်ကို နေမင်းက ကြိုးဖြေ လွှတ်ချလိုက်သည်။

 

(ဆက်လက်ဖော်ပြပါမည်)