သူနာပြုတက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် အသုံးပြုရန် အွန်လိုင်းအခြေပြုလေ့ကျင့်သင်ကြားရေးဆက်စပ်ပစ္စည်းများ MPT မှ ထောက်ပံ့

ရန်ကုန်  ၁၇  စက်တင်ဘာ

 

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ဖြစ်စေရန် MPT မှ သူနာပြုတက္ကသိုလ်များနှင့်သင်တန်းကျောင်းများ၌ အွန်လိုင်း အခြေပြု လေ့ကျင့်သင်ကြားရေး ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ဆေးဘက်ဆိုင်ရာ ပညာသင်ကြားရေးကဏ္ဍ တိုးတက်စေရန်၊ ဖိုင်ဘာအင်တာနက်နှင့် ဗီဒီယိုကွန်ဖရင့် သင်ကြားရေးတို့အတွက် ကွန်ပျူတာများပေးအပ်ခြင်း၊ အင်တာနက်လိုင်းများသွယ်တန်းပေးခြင်းနှင့်Wi-Fi ချိတ်ဆက်နိုင်ရန် router များ ထားရှိခြင်းတို့ကို သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) (Off-Capus) အစီအစဉ်အဖြစ် MPT မှကူညီပံ့ပိုးခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အရည်အချင်းပြည့်မီတဲ့ သူနာပြုများ အားဖြည့်ပံ့ပိုးပေးနိုင်ဖို့အတွက် ၂၀၁၉ ခုနှစ်ကစပြီး သူနာပြုကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီနှစ်မှာမြန်မာပြည်မှာရှိတဲ့ အွန်လိုင်းအခြေပြုလေ့ကျင့်သင်ကြားရေးအစီအစဉ်အတွက် ကူညီထောက်ပံ့မှုတွေ တိုးချဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဟု MPT ၏လုပ်ငန်းလည်ပတ်မှုဌာနမှ Mr.Koichi Kasuya ကပြောသည်။

 

သူနာပြုသိပ္ပံပညာရပ်အား မြန်မာပြည်တစ်ဝန်းမှ တက်ရောက်ဆည်းပူးလျက်ရှိသောကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသမှ ကုန်ကျစရိတ်သက်သာစွာ လေ့ကျင့်သင်ကြားလျက်ရှိပြီး MPTအနေဖြင့် ယခုနှစ်တွင် ထပ်မံတိုးချဲ့သည့် အထောက်အပံ့ဆောင်ရွက်မှုသည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ သူနာပြုတက္ကသိုလ်နှင့်သင်တန်းကျောင်း ၁၀ ကျောင်းအတွက် အွန်လိုင်းသင်ကြားရေးစနစ်မှ အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး