သတိကြီးစွာထားရှိရမည့် မျိုးဗီဇပြောင်း အိုမီခရွန်

ပေါက်ပေါက်

 

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း သုံးရာခိုင်နှုန်း အောက်သို့ ကျဆင်းလာခြင်းမှာ ကိုးရက်ဆက်တိုက် ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၁၀ ဦး အောက် လျော့ကျလာသည်မှာ ငါးရက်ဆက်တိုက် ရှိပြီဖြစ်ကြောင်း နိုဝင်ဘာလ၏ နောက်ဆုံးသီတင်းပတ်က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အားရဖွယ် ကြားသိရပါသည်။ လက်ရှိ ဖြစ်ပွားနေသည့် တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မြင့်မားခဲ့သော မြို့နယ် ၁၁၉ မြို့နယ်အား နေအိမ်တွင်နေထိုင်ရေး အစီအစဉ် (Stay at Home) သတ်မှတ်ဆောင်ရွက်ခဲ့ရာတွင် လူနာသစ်တွေ့ရှိရမှုနှင့် ပိုးတွေ့ရှိနှုန်း လျော့နည်းကျဆင်းလာသော မြို့နယ်များအား stay at Home မြို့နယ်အဖြစ်မှ ဖြေလျှော့ပေး လျက်ရှိရာ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ နေအိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် ဆက်လက်အကျုံးဝင် နေသည့် မြို့နယ် ၁၁ မြို့သာ ကျန်တော့သည်မှာ နိုင်ငံတော်နှင့် ပြည်သူတို့၏ ညီညွတ်မှုတစ်ရပ် ဖြစ်ပေသည်။ ။

 

ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHOကြေညာချက်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ထပ်မံ တွေ့ရှိသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် (B.1.1.529) အား “အိုမီခရွန် (Omicron)”ဟု အမည်ပေးလိုက်ပြီး အဆိုပါဗိုင်းရပ်စ်သည် အကြိမ်ကြိမ်သန္ဓေပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရာ စိုးရိမ်စရာကောင်းသော ဗိုင်းရပ်စ်ဖြစ်သည်ဟု ကြေညာထားသည်။ ၎င်းဗိုင်းရပ်စ်သစ်ကို တောင်အာဖရိကတွင် နိုဝင်ဘာလ ၂၄ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ဟောင်ကောင် နှင့် အစ္စရေးတို့တွင်လည်း တွေ့ရှိထားသည်။

 

ပြင်းထန်အိုမီခရွန်အကြောင်း သိကောင်းစရာ

 

ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်၏ နောက်ဆက်တွဲဆိုးကျိုးများတွင် ၎င်း၏ဆူးချွန်၌ပါသည့် ခုခံအားစနစ်အရ အရေးပါသည့် RBDReceptor Binding Domain နှင့် NTD- N-Terminal Domain နေရာများတွင် ပြောင်းလဲမှုများဖြစ်ခြင်းကြောင့် ကာကွယ်ဆေးများ၏ ထိရောက်မှု (neutralization antibodies effects) ကို လျော့ကျစေနိုင်သကဲ့သို့ လူလုပ်ပဋိပစ္စည်း (therapeutic monoclonal antibodies) များ၏ ထိရောက်မှုကိုလည်း လျော့ကျစေနိုင်သည်။ ထို့ပြင် ဆူးချွန်မှာပါရှိသည့် လူ့ခန္ဓာကိုယ်ဆဲလ်အတွင်းကို ဝင်ရောက်အောင်ဆောင်ရွက်နိုင်သည့်အပိုင်းတွင် ပြောင်းလဲမှုများ ဖြစ်ခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကိုပိုမိုမြန်ဆန်စေခြင်း၊ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာနှင့် ဒယ်လ်တာ မျိုးကွဲများကဲ့သို့ (nsp6 deletion) ပြောင်းလဲမှုများကြောင့် မွေးရာပါကိုယ်ခံအားစနစ် (innateimmunity) ကို ရှောင်လွှဲနိုင်စွမ်းများ ရှိလာနိုင်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်နိုင်ကြောင်း သိရပါသည်။ နောက်ထပ်စိုးရိမ်ဖွယ်တစ်ရပ်မှာ ၎င်းဗိုင်းရပ်စ်သည် ဒယ်လ်တာမျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ထက် စပိုက်ခ်ပရိုတင်းတည်နေရာ၌ မျိုးဗီဇ အပြောင်းအလဲ ငါးဆတိတိ ပိုများနေကြောင်း အာဖရိက သုတေသနပညာရှင်များ၏ အဆိုအရ သိရပါသည်။

 

ပြည်ပနိုင်ငံများနှင့် အိုမီခရွန်

 

ဖိုင်ဇာနှင့် ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သုံးကြိမ်တိတိ ထိုးနှံပြီးသည့် အစ္စရေးဆရာဝန်နှစ်ဦးသည် အိုမီခရွန် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း၊ ၎င်းတို့အနက် တစ်ဦးမှာ ပြီးခဲ့သည့်သီတင်းပတ်တွင် လန်ဒန်မြို့၌ပြုလုပ်ခဲ့သည့် ညီလာခံတစ်ခုသို့ တက်ရောက်ပြီး ပြန်လာခြင်းဖြစ်ကာ ၎င်း၏မိတ်ဆွေ ဆရာဝန်တစ်ဦးကို ဆက်လက်ကူးစက်စေခြင်း ဖြစ်ကြောင်း တဲအဗစ်မြို့အနီးရှိ ရှီဘာဆေးရုံမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် နိုဝင်ဘာလ ၃၀ ရက်နေ့ တွင် ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းရောဂါပိုး ပထမဆုံး ကူးစက်ခံရသူတစ်ဦး တွေ့ရှိထားသဖြင့် နိုင်ငံအတွင်း ဗီဇပြောင်းပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ပြည်ပခရီးသွားများ ဝင်ရောက်မည့် ဝင်ပေါက်များကို ပိတ်သွားမည်ဟု နိုဝင်ဘာလ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း လေ့လာသိရပါသည်။ ထို့ကြောင့် စာရေးသူတို့ မြန်မာ နိုင်ငံတွင်လည်း ကိုဗစ်လှိုင်းအသစ်မဖြစ်စေရေး ပြည်ဝင်၊ ပြည်ထွက်ခရီးသွားများကို အထူးစိစစ် ကြပ်မတ်နိုင်မှသာ တန်ကာကျပေမည်။ ။

 

mdn

 

အိုမီခရွန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏သတိပေးချက်

 

လတ်တလောကာလတွင် အာဖရိကနိုင်ငံများ၏ အခြေအနေများအရ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များသည် မျိုးဗီဇပြောင်းလဲသည့် အိုမီခရွန် (Omicron) ဝင်ရောက်လာမှုနှင့်အတူ လှိုင်း တစ်လှိုင်း အသစ်ဖြစ်ပွားနိုင်မှု၏ အစအသွင်ဖြစ်နေ၍ သတိကြီးစွာစောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်းနှင့် အသစ်တွေ့ရှိသော အိုမီခရွန်ပိုး၏ မျိုးဗီဇ (nucleocapsid) မှာလည်း အယ်လ်ဖာ၊ ဂမ်မာနှင့် ဒယ်လ်တာမျိုးကွဲများကဲ့သို့ ပြောင်းလဲမှု (R203K + G204R mutations) များ ဖြစ်နိုင်၍ ရောဂါဝင်ရောက်ကူးစက် ဖြစ်ပွားနိုင်ခြင်း (infectivity) ကို မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

အချုပ်အားဖြင့်ဆိုသော် ပြင်းအားပမာဏ ငါးဆပိုသည့် အိုမီခရွန်(Omicron) သည် ယခုအခါ အာရှတိုက်၏ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ရာ မိမိတို့နိုင်ငံအတွင်း ကိုဗစ်လှိုင်းအသစ် မဖြစ်ပေါ်စေရေး အထူးသတိချပ်ဖို့လိုနေပါပြီ။ သို့သော် အကြောက်မလွန်ပါနှင့်။ မိမိတို့မြန်မာနိုင်ငံသည် ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ပါသည်။ တတိယလှိုင်း အခြေအနေမှာလည်း သုံးရာခိုင်နှုန်းအောက် ကျဆင်းနေပြီဖြစ်ရာ ကိုဗစ်ပျံ့နှံ့မှုလျော့ကျရေးအတွက် လက်ရှိအခြေအနေကို ဆက်လက် ထိန်းသိမ်းထားကြဖို့လိုပါသည်။ လူသားတို့နေထိုင်ရာ ဤကမ္ဘာကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များ မဆိတ်သုဉ်းမချင်း မိမိတို့အားလုံး ဘဝနေထိုင်မှုပုံစံသစ်ဖြင့် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရမည်ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထု တစ်ရပ်လုံး မလွဲမသွေပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည်။ ထို့ပြင် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ခြင်း၊ Face Shield တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးရှောင်ခြင်း အစရှိသည့် ကိုဗစ်-၁၉ စည်းကမ်းများကို စဉ်ဆက်မပြတ်လိုက်နာကာ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြပါရန်နှင့် ကိုဗစ်လှိုင်းသစ် မဖြစ်စေရန် ပိုမိုသတိရှိကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။