သရက်ချောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

သရက်ချောင်း ၁၇ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

 

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းတွင် သရက်ချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှုထို၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ပိုင်ခွင့်နှင့် တာဝန်၊ မဲပေးခြင်း နှင့် မဲရေတွက်ခြင်း၊ ကြိုတင်မဲပေးခြင်း၊ နိုင်ငံရေးပါတီများလိုက်နာရမည့် ကျင့်ဝတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ၊ နိုင်ငံသား ပြစ်မှုဥပဒေ၊သတင်းနှင့်မီဒီယာအခန်းကဏ္ဍ စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဘာသာရပ်အလိုက်သင်ကြားပို့ချခဲ့ကြသည်။

 

၎င်း သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ယနေ့တွင်(၁)သုတ်လျှင် (၂၂)ဦးနှုန်းဖြင့် (၂)သုတ်ဖွင့်လှစ်ပို့ချပေးခဲ့ပြီး စက်တင်ဘာ(၁၈)ရက်နေ့တွင် (၂)သုတ် ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)