သပြေချောင်းတပ်ပြင်စျေးရှိ စားသုံးရန်/သုံးစွဲရန်မသင့်သော အစားအသောက် အလှကုန်များအား ကြည့်ရှုစစ်ဆေး

ထားဝယ်  ၂၆  နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်၍ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ သပြေချောင်းတပ်ပြင်စျေးရှိ စားသုံးရန်/သုံးစွဲရန်မသင့် ကြေညာထားသော အစားအသောက်/ အလှကုန်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

a1

 

ထို့နောက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များက သပြေချောင်းတပ်ပြင်စျေးရှိ အစားအသောက်နမူနာ (၁၄) မျိုးအား ဓာတ်ခွဲနမူနာဝယ်ယူခဲ့ပြီး ၉ မျိုးအား ရွေ့လျားဓာတ်ခွဲယာဉ်တွင် စမ်းသပ် စစ်ဆေးခဲ့ရာ တားမြစ်ဓာတုပစ္စည်းများ ပါဝင်ခြင်းမရှိကြောင်း၊ ကျန်နမူနာ ၅ မျိုးအား colour test စစ်ဆေးသွားမည် ဖြစ်သည်။ 

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက စျေးဆိုင် ၃၀ နှင့် အလှကုန်ဆိုင် သုံးဆိုင်တွင် စားသုံးရန်/သုံးစွဲရန်မသင့် ကြေညာထားသော အစားအသောက်/ အလှကုန်များ ရောင်းချခြင်းရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆိုင်(၁) ဆိုင်မှ စားသုံးရန်မသင့်သော ကြက်ဖ ငရုတ်ဆီ(၆) ဘူးနှင့် အလှကုန်ဆိုင်မှ တားမြစ်အလှကုန် ၁ မျိုး၊ အ‎ရေအတွက် ၃ ဘူးအား သိမ်းဆည်းခဲ့ပြီး ခံဝန်ကတိရေးထိုးစေခဲ့သည်။ 

ယင်းနောက် အစားအသောက်ရောင်းချသူများအား အစားအသောက်များတွင် အသုံးမပြုသင့်သော ခွင့်မပြုဆိုးဆေး၊ ခွင့်မပြု အစားအသောက် ထပ်ဖြည့်ပစ္စည်းများနှင့် ပတ်သက်၍ စျေးများတွင် အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)