သန်လျင်၌ မိသားစုဝင်ငွေရရှိရေး တစ်ပိုင်တစ်နိုင် ပန်းဂေါ်ဖီများ စိုက်ပျိုးလျက်ရှိ

ရန်ကုန်၊ ၁၁ ဖေဖော်ဝါရီ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာတွင် မိသားစုဝင်ငွေရရှိရေး တစ်ပိုင်တစ်နိုင် ပန်းဂေါ်ဖီများ စိုက်ပျိုးလျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၄ နာရီက အဆိုပါကျေးရွာ ပန်းဂေါ်ဖီစိုက်ပျိုးသူ ဦးဝင်းတင်ထံမှ သိရှိရသည်။

 

“ကျွန်တော် မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ကိုင်တာ ၂၀၀၃ ခုနှစ်ထဲကပါ။ စားပင်သီးတွေထဲက အဓိက ပန်းဂေါ်ဖီကို နှစ်စဉ်စိုက်ပျိုးပါတယ်။ ဒီနှစ်တော့ ပန်းဂေါ်ဖီ မြေဘောင်အားဖြင့် ၁၇ ဘောင်ရှိပြီး အပင်အားဖြင့် ၁၉၀၀ ကျော် စိုက်ပျိုးထားရှိပါတယ်။ လက်ရှိ အပင်သက်တမ်းက ရက်ပေါင်း ၇၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ အပင်အတွက် အဓိကမြေသြဇာက အရေးကြီးတယ်။ အရင်နှစ်တွေက မြေသြဇာ နွားချေး၊ ကြက်ချေး အစရှိတဲ့ သဘာဝမြေသြဇာတွေ ပေါပေါများများဝယ်လို့ရလို့ ပန်းဂေါ်ဖီစိုက်ပျိုးအား အရမ်းကောင်းတယ်။ အဲဒီအချိန်က ပန်းဂေါ်ဖီ တစ်ပွင့် စိုက်ခင်းအတွင်းမှာပဲ ဖောက်သည်ဈေးက ၈၀၀၊ ၉၀၀ နဲ့ ၁၀၀၀ ကျော်လောက်ရပါတယ်။ ဒီနှစ်မှာ ကိုဗစ်ဖြစ်တော့ ကြက်ခြံတွေနည်းသွားတယ်၊ ကြက်ချေးဝယ်ရတယ်၊ အရင်လို လိုသလောက်မရတော့ဘူး။ နွားချေးလဲအတူတူပါပဲ။ စက်တွေနဲ့ လယ်တွေလုပ်ကိုင်လာကြတယ်။ လယ်သမားတွေက နွားတွေ ကျွဲတွေ အရင်လိုမွေးတာနည်းသွားတယ်။ အဲလို မြေသြဇာအတွက် အခက်အခဲရှိလာတာပေါ့။ ဒီနှစ်တော့ ပန်းဂေါ်ဖီ အထွက်နှုန်းကျတယ်။ အရင်လို မြေသြဇာအပြည့်အဝ မကျွေးနိုင်ဘူး။ အပွင့်လဲသေးသွားလို့ တစ်ပွင့်ဈေးနှုန်း ၃၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ပဲ ရနိုင်မယ်ထင်ပါတယ်” ဟု ဦးဝင်တင် ပြောသည်။

 

သန်လျင်မြို့နယ်အတွင်း မိသားစုတစ်ပိုင်တစ်နိုင် စားပင်သီးပင်များဖြစ်သော ဘူးပင်၊ ကန်စွန်းပင်၊ စပါးလင်ပင်၊ ငှက်ပျောပင်၊ ချဉ်ပေါင်ပင်၊ ပန်းဂေါ်ဖီနှင့် ပဲပင်များ စိုက်ပျိုးလျက်ရှိပြီး နှစ်ရှည်ပင်များဖြစ်သော သရက်ပင်၊ အုန်းပင်၊ သီဟိုပင်များလည်း  စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)