သင်္ကြန်ရာသီကာလအတွင်း ရောင်းချမည့် အတာအိုးများ မန္တလေးစျေးကွက်သို့ စတင်ဝင်ရောက် 

မန္တလေး ၅ ဧပြီ

 

မြန်မာလူမျိုးတို့၏ နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကာလအတွင်း အသုံးပြုရန် ရောင်းချမည့်အတာအိုးများ မန္တလေးစျေးကွက်သို့ ဧပြီလဆန်းပိုင်းမှ စတင်ဝင်ရောက်ကာ လက်လီလက်ကား ဖြန့်ချိရောင်းချလျက်ရှိသည်။

 

အဆိုပါ သင်္ကြန်အတာအိုးများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တပ်ကြီးကျေးရွာနှင့် မတ္တရာမြို့နယ် စကျင်ကျေးရွာများမှ ထုတ်လုပ်တင်ပို့ကာ မန္တလေးစျေးကွက်အတွင်း၌ အိုးအမျိုးအစားအလိုက် တစ်အိုးလျှင် လက်လီစျေးနှုန်းအဖြစ် ၅၀၀ ကျပ်မှ ၆၀၀ ကျပ် စျေးဖြင့်လည်းကောင်း၊ လက်ကားစျေးနှုန်းအဖြစ် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်စျေးများဖြင့် လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း အောင်မြေသာစံမြို့နယ် ၈၆ လမ်းနှင့် လမ်း ၂၀ ထောင့်ရှိ သင်္ကြန်အတာအိုးများရောင်းချသူ ဒေါ်တင်မာနွယ်က ပြောသည်။

 

“သင်္ကြန်ကာလမှာ အသုံးပြုကြမယ့် အတာအိုးတွေကို တပ်ကြီးရွာက အများဆုံး ထုတ်လုပ်ရောင်းချတာများပါတယ်။ ဒီနွေဦးကာလမှာတော့ သင်္ကြန်ရာသီစာ အတာအိုးတွေအပြင် မြောင်မြို့နယ် နဘက်ရွာနဲ့ စဉ့်ကူးမြို့နယ် ခတ်သင်ကျေးရွာတွေကထွက်တဲ့ သောက်ရေအိုးတွေလည်း စျေးကွက်ထဲကို ဝင်လာကြတယ်။ နှစ်သစ်ကူးကာလမှာ မြန်မာလူမျိုးတွေအနေနဲ့ လူ့ပြည်ကိုဆင်းလာတဲ့ သကြားမင်းကို နေ့နံ ၇ မျိုးပါတဲ့ အညွှန့်ပန်းနဲ့ အတာအိုးထဲမှာထည့်ပြီး ရိုးရာဓလေ့အဖြစ် လျူဒါန်းကြိုဆိုကြတယ်။ ဒါ့အပြင် နှစ်ဆန်း ၁ ရက်နေ့မှာလည်း ပရိတ်အိုးအဖြစ် အသုံးပြုလေ့ရှိကြတယ်။ ဒါကြောင့် ကျွန်မတို့ အိုးလုပ်ငန်းလုပ်ကိုင်သူတွေက ဒီသင်္ကြန်ကာလအတွက် အတာအိုးတွေကို ကြိုတင်ပြီး ထုတ်လုပ်ထားကြတယ်" ဟု ၎င်းကပြောသည်။

 

အိုးလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီးအတွင်း၌ အမရပူရမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ မြင်းခြံမြို့နယ်၊ မတ္တရာမြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်များတွင် မိရိုးဖလာစီးပွားရေးလုပ်ငန်းအဖြစ် အဓိကထုတ်လုပ်ကာ မြန်မာရိုးရာယဉ်ကျေးမှုအမွေအနှစ် လက်မှုပညာရပ်ကို မပျောက်ကွယ်စေရန် ထိန်းသိမ်းစောင့်ရှောက်လုပ်ကိုင်လျက်ရှိပြီး ထွက်ရှိလာသည့်အိုးများအား ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် မန္တလေးမြို့သို့ အများဆုံးတင်ပို့ရောင်းချကြသည့်အပြင် ခန္တီး၊ မော်လိုက်၊ ဟုမ္မလင်းနှင့် ပုံဂံ-ညောင်ဦး မြို့နယ်များသို့လည်း တင်ပို့ကာ ဖြန့်ချိရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)