သင်္ဃန်းကျွန်းမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများအား ဆန်၊ ဆီ၊ ကုလားပဲ၊ လက်ဖက်၊ ရေသန့်ဘူးနှင့် Mask များ ကူညီထောက်ပံ့ကာ အားပေးစကားပြောကြား

ရန်ကုန် ၂၁ စက်တင်ဘာ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသွားအလာကန့်သတ်ခံရသည့် နေရာ/အိမ်/တိုက်ခန်းများရှိ မိသားစုဝင်များကို ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထိုက်နှင့် ကော်မတီဝင်များ၊ We Love Yangon (Thingangyun) မှ အဖွဲ့ဝင်များက သွားရောက်အားပေးစကား ပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ကုလားပဲ၊ လက်ဖက်၊ ရေသန့်ဘူးနှင့် Mask များအား ကူညီထောက်ပံ့ပေးခဲ့ကြသည်။

 

သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ဆက်လက်တွေ့ရှိလျက်ရှိကာ အဆိုပါပိုးတွေ့လူနာ နေထိုင်ခဲ့သည့် နေအိမ်နှင့် ထိစပ်မှုရှိခဲ့သည့် နေရာများအား အသွားအလာကန့်သတ်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ရဲမင်းထွန်း (ပြန်/ဆက်)