သမဝါယမအခန်းကဏ္ဍဖြင့် မြိတ်ခရိုင်ရှိ ပြည်သူများအတွက် သမဝါယမအသင်းစုတို့မှ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးမည့် ဆန်အိတ်များ မြိတ်မြို့သို့ရောက်ရှိ

မြိတ် စက်တင်ဘာ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာလအတွင်း သမဝါယမ အခန်းကဏ္ဍဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမ အသင်းစုများ ချိတ်ဆက်၍ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချမည့်ဆန်များ မြိတ်မြို့သို့ စက်တင်ဘာ ၁၇ ရက်က ရောက်ရှိလာခဲ့သည်။

 

ကိုဗစ်-၁၉ ကာလအတွင်း မြိတ်ခရိုင်ရှိ သမဝါယမအသင်းစုများမှ ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည့် ဆန်များကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်တို့ ချိတ်ဆက်ပြီး ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သမဝါယအသင်းစုအနေနဲ့ သမဝါယမ တာဝန်ယူ၍ ပြည်သူတွေ မည်သူမဆို ဖြန့်ဖြူးရောင်းချမှာ ဖြစ်ပါတယ်။ ရောက်ရှိလာတာ မြိတ်ခရိုင်အတွက် ဆန်အိတ် (၂၀၀၀) ဖြစ်ပါတယ်။ ဆန်တွေကို မွန်ပြည်နယ် သမဝါယမအသင်းစုချုပ်က ယူတယ်။ တပ်မတော်ရေ ရေယာဉ်မှ ကူညီပို့ဆောင်ပေးပါတယ်။ ယူတဲ့ဈေးနှုန်းနဲ့ ဆန်အတင်အချစရိတ် ပေါင်းပြီး သမဝါယမ အခန်းကဏ္ဍအနေနဲ့ အမြတ်အစွန်းမယူဘဲ ပြည်သူတွေကို ပြန်လည်ဖြန့်ဖြူး ရောင်းချပေးမှာဖြစ်ပါတယ်ဟု တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းမင်းက ပြောသည်။

 

mdn

 

ကိုဗစ်ကာလအတွင်း ပြည်သူများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည့်ဆန်များ ရောက်ရှိသယ်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ဆန်များကို မြိတ်မြို့နယ် သမဝါယမ ဦးစီးဌာနမှတစ်ဆင့် မြို့နယ်များရှိ သမဝါယမ အသင်းစုများအား ဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့အတူ ကိုဗစ်ကာလအတွင်း သမဝါယမ အသင်းစုများမှ ပြည်သူများအား သမဝါယမ အခန်းကဏ္ဍဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး(မြိတ်)