သက်ထားသူဇာ ယှဉ်ပြိုင်နေသည့် BWF ပြိုင်ပွဲများ ဇူလိုင်အထိ ထပ်မံရပ်နား

ဧပြီ ၉

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်နေသည့် BWF ကြက်တောင်ပြိုင်ပွဲများမှာ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ဇူလိုင်လကုန်အထိ ထပ်မံရပ်နားသွားမည်ဖြစ်သည်။

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် COVID-19 ရောဂါကြောင့် ယခင်က ဧပြီ ၁၂ ရက်အထိ ပြိုင်ပွဲများကျင်းပမှုကို ရပ်နားထားသော်လည်း ရောဂါအခြေအနေမှာ ထိန်းချုပ်နိုင်ခြင်းမရှိသေးသောကြောင့် ရက်ပေါင်း ၉၀ ကျော် ထပ်မံရပ်နားခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ကမ္ဘာကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် Grade-2 နှင့် Grade-3 ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လကတည်းက ပြိုင်ပွဲများ ရပ်နားခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် BWF က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိုလံပစ်ပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းခဲ့သလို အိုလံပစ်ဝင်ခွင့်အတွက် ပြိုင်ပွဲများယှဉ်ပြိုင်မှုကိုလည်း ရပ်နားထားရသည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့သော်လည်း အိုလံပစ်ဝင်ခွင့်ကြိုးပမ်းမှုကို ရပ်တန့်သွားမည်မဟုတ်ဘဲ ပြိုင်ပွဲများပြန်လည်ကျင်းပပါက ဝင်ရောက်ယှဉ်ပြိုင်ကာ ကြိုးပမ်းမည်ဖြစ်သည်။

 

သက်ထားသူဇာသည် ယခုနှစ်အတွင်း ပြိုင်ပွဲသုံးခုသာ ယှဉ်ပြိုင်ရသေးပြီး ဥရောပနိုင်ငံများတွင် ပြိုင်ပွဲများယှဉ်ပြိုင်ရန် သက်ဆိုင်ရာနိုင်ငံများသို့ ရောက်ရှိပြီးမှ ပြိုင်ပွဲများပျက်ပြယ်ခဲ့သောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်