သီတင်းကျွတ်ရုံးပိတ်ရက် ပုဂံညောင်ဦးဒေသရှိ ဘုရားစေတီပုထိုးများတွင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် အထူးစည်းကားနေ

ညောင်ဦး ၁၃ အောက်တိုဘာ   

 

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများနှင့် နေရာအနှံ့အပြားရှိ ဘုရားစေတီပုထိုးများ၌ သီတင်းကျွတ်ရုံးပိတ်ရက်ကာလ အမြို့မြို့အနယ်နယ်မှ ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အများအပြား လာရောက်ဖူးမြော်နေသည်ကို အောက်တိုဘာ ၁၃ ရက်၊ ယနေ့ နံနက်ပိုင်းက မြင်တွေ့ခဲ့ရသည်။

 

4

 

ထိုသို့ ပုဂံညောင်ဉီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများကို လာရောက်လည်ပတ် ဖူးမြော်ရာတွင်  ပြည်တွင်းဘုရားဖူး ဧည့်သည်များသည် သမိုင်းဝင် တန်ခိုးကြီးဘုရား ဆုတောင်းပြည့် စွယ်တော်(၄)ဆူဖြစ်သည့် ရွှေစည်းခုံ စွယ်တော်မြတ်စေတီ၊ တန့်ကြည့်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီနှင့် တုရင်တောင်စွယ် တော်မြတ်စေတီတို့ကို အဓိဌာန်ဆုပန်၍ အများဆုံးဖူးမြော်ကြပြီး ၊ အချို့ပြည်တွင်း ဘုရားဖူးဧည့်သည်များက ပြည့်ငါးပြည့်ဘုရား ၊ အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား ၊ သဗ္ဗညုဘုရား၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ ကန်တော့ ပလ္လင်ဘုရား၊ မြစေတီဘုရား၊ မနူဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ရွှေဆံတော်ဘုရား၊ ပြဿဒ်ကြီးဘုရား၊ ငှက်ပစ်တောင်ဆုတောင်းပြည့်ဘုရား၊ နန်းတော်ရာကျောင်းတော်ကြီး တို့ကို သွားရောက် လည်ပတ်ပတ်ဖူးမြော်ကြကြောင်း ၊ ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားဧည့်သည်များက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံညောင်ဦးဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် ပုဂံခေတ် ရှေးဟောင်းနံရံဆေးရေးပန်းချီများ ၊ ရှေးဟောင်းကျောက်စာများ ၊ ပြတိုက်တွင်းရှိ ပုဂံခေတ်ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ၊ ခန့်ညားထည်ဝါစွာ ဆောက်လုပ်ထားသည့်ပုဂံခေတ် အနုပညာလက်ရာများကို စိတ်ဝင်တစ်စား လေ့လာကြပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ နံနက် နေထွက်ချိန်နှင့် ညနေနေဝင်ဆည်းဆာအလှ ကြည့်ရှုခံစားကာ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများကို ပိုမိုနှစ်သက် ကြကြောင်း ပုဂံညောင်ဦးဒေသရှိ ဧည့်လမ်းညွှန်အသင်းဝင်များထံမှ သိရသည်။

 

3

 

ကျွန်မတို့နိုင်ငံရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယခု သီတင်းကျွတ် ရုံးငါးရက် ပိတ်တဲ့ရက်မှာ ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ ကားကြီးကားငယ်မျိုးစုံနဲ့ လာရောက်လည်ပတ်ကြလို့ အရမ်းစည်ကားနေပါတယ်။ ဒီနေ့က သီတင်းကျွတ်လပြည့်နေဆိုတော့ ပိုပြီးတော့ စည်ကားပါတယ်။ (၁၁)ရက်နေ့ကစပြီး ဘုရားဖူးဧည့်သည်တွေ အများအပြား လာရောက်ဖူးမြော်ကြပါတယ်။ ဘုရားဖူးဧည့်သည်တွေများတဲ့အတွက် ကျွန်မတို့ ဒေသရှိ ဟိုတယ်မိုတယ်တွေမှာ တည်းခိုနေထိုင်သူတွေ ပြည့်နှက်နေသလို ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားတွေမှာလဲ တည်းခိုနေတဲ့သူတွေ အရမ်းများနေပါတယ်။ တစ်ချို့ဘုရားဖူးဧည့်သည်တွေဆိုရင် တည်းခိုဖို့ အခက်အခဲဖြစ်သည်အထိ ကြုံတွေ့ရပါတယ်။ ဘုရားဖူးဧည့်သည်တွေအရမ်းများတဲ့အတွက် ဟိုတယ်မိုတယ်လုပ်ငန်းရှင်တွေ ၊ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ၊ ခရီးသွားဧည့်လမ်းညွှန်အသင်းဝင်တွေ၊ ပြီးတော့ ဘုရားတွေမှာရှိတဲ့ အမှတ်တရ ပုဂံလက်ဆောင်ပစ္စည်း ရောင်းချတဲ့ ဈေးသည်တွေ ၊ စက်ဘီးနှင့် E-Bike လုပ်ငန်းရှင်တွေ ၊ မြင်းလှည်းမောင်းလုပ်ငန်း လုပ်ကိုင်သူတွေအားလုံး အလုပ်အကိုင်တွေ အဆင်ပြေ စီးပွားရေးတွက်ခြေကိုက်ပါတယ်။ ယခုလို သီတင်းကျွတ်ရုံးပိတ်ရက်တွေမှာ နှစ်စဉ်နှစ်တိုင်း ကျွန်မတို့ ပုဂံညောင်ဦးဒေသရှိ ဘုရားတွေကို အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ၊ အခြားပုဂ္ဂလိက ရုံးဝန်ထမ်းတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက မိသားစုလိုက် လာရောက်လည်ပတ်ကြလို့ အရမ်းစည်ကားပါတယ် ဟု ပုဂံမြို့ဟောင်းသွားလမ်းဘေး အနီးရှိ အာနန္ဒာဘုရားအနီးတွင် ပုဂံလက်ဆောင် အမှတ်တရပစ္စည်းရောင်းချနေသည့် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောပြသည်။

 

7

 

ရဲဝင်းနိုင် ( ညောင်ဦး )