သီတင်းကျွတ်ပိတ်ရက် နယ်ပြန်သူများ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးထား

ရန်ကုန်  ၇   အောက်တိုဘာ 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂ဝ၁၉ ခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်ကာလ အတွင်း နယ်မြို့အသီးသီးသို့ ခရီးသွားလာသူ လုပ်သားပြည်သူများအတွက် အစစအရာရာ အဆင်ပြေချောမွေ့စေရေးနှင့် အဝေးပြေးကားဝင်းများ အနီး ယာဉ်ကြောကြပ်တည်းမှု လျော့ပါးစေရေးအတွက် မည်ကဲ့သို့ ကြိုတင်စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းကို မေးမြန်းခဲ့ကြောင်းသိရသည်။

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က “၂၀၁၉ခုနှစ် သီတင်းကျွတ်ပွဲတော်ကာလအတွင်း ခရီးသွားမိဘပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် လက်မှတ်များ စနစ်တကျရောင်းချခြင်း၊ ယာဉ်လိုင်းမရှိဘဲ လက်မှတ်ရောင်းချခြင်း မပြုလုပ်စေရေး၊ သတ်မှတ်ယာဉ်များ စနစ်တကျပြေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အဝေးပြေးဌာနခွဲ မှ တာဝန်ရှိသူများက ၁၈.၉.၂၀၁၉ ရက်နေ့က အဝေးပြေး ယာဉ်လိုင်းတာဝန်ရှိသူများကို ခေါ်ယူအသိပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရီးသွားပြည်သူများ သွားလာမှုအပေါ် လေ့လာ ချက်များအရ စက်ရုံ၊ အလုပ်ရုံများမှ ဝန်းထမ်းများ သွားလာမှုအတွက် မော်တော်ယာဉ်များ ငှားရမ်းစီမံထားခြင်း၊ မော်တော်ယာဉ်အသင်းများမှ ယာဉ်လက်မှတ်များကို Online  မှ တစ်ဆင့် ကြိုတင်ရောင်းချခြင်းတို့ ပြုလုပ်ပေး လျက်ရှိကြောင်း၊ ယာဉ်လက်မှတ် ဝယ်ယူရာတွင် အခက်အခဲများရှိသော ပြည်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အဝေးပြေးဌာနခွဲရုံးသို့ ဆက်သွယ်လာပါက ကူညီဆောင်ရွက် ပေးခြင်းကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊  စက်ရုံ၊ အလုပ်ရုံများ သာမက ရုံးဝန်းထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများမှ လည်း မိမိတို့ဝန်ထမ်းများ၏ သွားလာရေးအဆင်ပြေရေးအတွက် မော်တော်ယာဉ်လိုင်းများ ငှားရမ်းစီမံဆောင်ရွက် ပေးထားပါကြောင်း ” ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က “ရုံးပိတ်ရက်ရှည် ကာလများအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသော အဝေးပြေးယာဉ်လိုင်းများနှင့် မော်တော် ယာဉ်များအပေါ် မည်ကဲ့သို့ဆက်လက်အရေးယူဆောင်ရွက်ခဲ့သည်ကို သိရှိလိုကြောင်း” ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်း၍ ဝန်ကြီးက “၂၀၁၉ ခုနှစ် သကငြ်္န်ပွဲတော်ကာလတွင် အောင်မင်္ဂအဝေးပြေးကွင်း၌ ယာဉ်လိုင်းမရှိဘဲ ခရီးသည်များ ပြေးဆွဲခြင်းကြောင့်  ပြည်သူများ အနှောင့်အယှက်မဖြစ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အဝေးပြေးဌာနမှ တာဝန်ရှိသူများ၊ အောင်မင်္ဂလာအဝေးပြေးကွင်းရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ပူးပေါင်းစစ်ဆေးခြင်းကြောင့် ယာဉ်လိုင်း(၂)မှ ဝန်ထမ်းများ ယာဉ်လိုင်း မရှိဘဲ လက်မှတ်ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိသဖြင့် ယင်းတို့အား ခံဝန်ကတိရေးထိုးစေခြင်း၊ အလားတူ မဖြစ်ပွားစေရေး အတွက် ကြပ်မတ် စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ တို့၏  ကြယ်ပွင့်ပြ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြန်လည် ဖြေကြားပေးခဲ့သည်။ ထို့အတူ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၊ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၊ လသာမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် တို့၏ ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်းကောင်း   ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရကတင်သွင်းသော “၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ အမည်စာရင်းတင်းသွင်းထားသော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇)ဦးတို့က ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို အောက်တိုဘာ ၈ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်လင်းကျော်