သီတင်းကျွတ်ကာလ၌ မြိတ်ကျွန်းစုရှိ ကျွန်းများသို့ ခရီးသွားဧည့်သည်များ ယခင်နှစ်ကထက် ပိုမိုလာရောက်လည်ပတ်ကြ

မြိတ် ၁၄  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရှိ ကျွန်းများသို့ သီတင်းကျွတ်ကာလ၌ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ ယခင်နှစ်ကထက် ပိုမိုလာရောက်လည်ပတ်ခဲ့ကြပြီး သီတင်းကျွတ်လပြည့်နေ့၌ ကျွန်းအပန်းဖြေ ခရီး သွားရောက်လည်ပတ်ကြသူ ပိုမိုများပြားခဲ့သည်။

 

ဒီနှစ်သီတင်းကျွတ်မှာ ပြီးခဲ့တဲ့နှစ်ကထက် ဧည့်သည်အလာများပါတယ်။ နောက်ပိုင်း ဒီထက်ထပ်များ လာဖို့ရှိပါတယ်။ မြိတ်မှာ ဟိုတယ်တွေလည်းထပ်တိုးလာပြီ။ လှေတွေလည်း စားသောက်ဆိုင်တွေလည်း ထပ်တိုး လာပြီ။ ဒီထက်ပိုကောင်းလာဖို့မျှော်လင့်ပါတယ်။ ဧည့်သည်လာသလောက် ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေ ပါတယ် ဟု မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါက်တာသိန်းဆွေမြင့် က ပြောသည်။

 

သီတင်းကျွတ်ကာလ၌ ကျွန်းများသို့လာရောက်လည်ပတ်ကြသည့် ဧည့်သည်များကို ခရီးသွားလုပ်ငန်း များက လှေ(၂၅)စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ခရီးသွားများ၊ ဧည့် လမ်းညွှန်များ၊ ရေယာဉ်မောင်းသူများနှင့် ရေယာဉ်ပိုင်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ ဖြန့်ဝေပေးထား ပြီး ရေယာဉ်ကို ကျွမ်းကျင်လက်မှတ်ရ ပဲနင်းများကိုသာ မောင်းနှင်စေကြောင်း၊ လူဦးရေ ပိုမတင်ဆောင် ရေးကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဓိကအားဖြင့် ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်းရွာနှင့် စမတ်ကျွန်းခရီးစဉ်၊ သမီးလှကျွန်း၊  ငါးမွေးဖောင် နှင့် လေးကျွန်းခရီးစဉ်ကို  သွားကြပြီး စမတ်ကျွန်းခရီးစဉ်ကို ပိုပြီး စိတ်ဝင်စားကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ခရီး သွားပိုများလာတယ်။ Boat အစီးရေလည်းပိုများလာတယ်။ သီတင်းကျွတ်ပိတ်ရက်အပြီး တန်းဆောင်တိုင်၊ ဒီဇင်ဘာ၊ နှစ်သစ်ကူးရာသီ၊ သင်္ကြန်ကာလ ပိတ်ရက်မှာလည်း တိုးတက်များပြားလာမယ်လို့ မျှော်လင့်ပါတယ် ဟု Mergui Dolphin ခရီးသွားကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်သန်း က ဆိုသည်။

 

 သီတင်းကျွတ်ကာလ အောက်တိုဘာ(၁၂)ရက်မှ(၁၄)ရက်အထိ အနယ်နယ်အရပ်ရပ်မှ ခရီးသွား ဧည့်သည် (၁၀ဝ၀)ကျော် လာရောက်လည်ပတ်ခဲ့ကြရာ သီတင်းကျွတ်လပြည့်နေ့တွင် ပိုမိုများပြားခဲ့သည်။  မြိတ် ကျွန်းစုတွင် ကျွန်းအပန်းဖြေ ခရီးသွားရောက်နိုင်သည့် ကျွန်းများမှာ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ စမတ်ကျွန်း၊ တောင်ပံကြီးကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ သဲနက်တန်း (နှစ်ဖက်လှ)ကျွန်း၊ သမီးလှကျွန်း စသော ကျွန်းများရှိပြီး သဘာဝအလှတရားများဖြင့် သာယာလှပသော ကျွန်းများ ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက်)