သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ

သင့်သွေးကြောတွေထဲမှာ လည်ပတ်နေတဲ့သွေးတွေမှာ ဖိအားရှိပါတယ်။ အဆိုပါ ဖိအားမြင့်တက်ရင် သွေးပေါင်ချိန်မြင့်တယ်၊ သွေးတိုးတယ် စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ သွေးတိုးခြင်းဟာ နှလုံးနဲ့သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေကို ဖြစ်စေတာမို့ ထိထိရောက်ရောက် ကုသသင့်ပါတယ်။ သွေးတိုးခြင်းဟာ မျိုးရိုးလိုက်တတ်ပေမယ့် ဒီတချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ နေထိုင်စားသောက်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ လူတယောက်ဟာ အဆီဓာတ်၊ အငန်ဓာတ်နဲ့ အချိုစားသုံးမှုများပြားပြီး လှုပ်ရှားမှုနည်းရင် သွေးတိုးရောဂါဖြစ်နိုင်ခြေများပါတယ်။

 

ဒီနေရာမှာ သတိပြုရမှာကတော့ လူတယောက်ရဲ့ သွေးပေါင်ချိန်ကို မသိမသာ အပြောင်းအလဲ ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အဆိုပါအကြောင်းခြင်းရာတွေနဲ့ တိုက်ဆိုင်ပြီး သွေးပေါင်ချိန် တိုင်းတာမိခဲ့ရင် ရလဒ်အမှန်နဲ့ လွဲချော်တတ်လို့ ဆေးဝါးကုသရာမှာလည်း အကျိုးသက်ရောက်မှု ဖြစ်တတ်ပါတယ်။ အဆိုပါ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

OTC ဆေးများ

 

ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ဆေးဝါးတွေကို OTC (Over-the-counter) ဆေးဝါးများလို့ ရည်ညွှန်းပါတယ်။ သာမန်နာကျင်ကိုက်ခဲခြင်းတွေအတွက် သောက်သုံးတဲ့ဆေးဝါးများဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတတ်ကြောင်း တွေ့ရပါတယ်။ အထူးသဖြင့် naproxen နဲ့ ibuprofen ဆိုတဲ့ ဆေးဝါးများဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတတ်ပါတယ်။ နှာစေးချောင်းဆိုးအတွက် ဝယ်ယူသောက်သုံးတဲ့ ဆေးဝါးတချို့ဟာလည်း သွေးပေါင်ချိန်ကို တက်စေတတ်ပါတယ်။

 

ဆရာဝန်ညွှန်ကြားချက်လိုတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ၊ သန္ဓေတားဆေးများ၊ ကိုယ်ခံအားနှိမ့်ချပေးသောဆေးများ၊ ကင်ဆာဆေးများနဲ့ စတီးရွိုက်ဆေးများဟာလည်း သွေးပေါင်ချိန်ကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

 

ဒါကြောင့် သွေးတိုးရောဂါအခံရှိသူများဟာ ဘယ်ဆေးကိုမဆို နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြီးမှ သောက်သုံးတာ အကောင်းဆုံးပါပဲ။ ဆရာဝန်နဲ့ပြသတဲ့အခါမှာလည်း မိမိမှာ စွဲသောက်နေတဲ့ဆေးတွေရှိရင် ဆရာဝန်သိအောင် ဖွင့်ပြောရပါမယ်။

 

ကော်ဖီ (သို့မဟုတ်) ကော့တေး

 

ကဖိန်းနဲ့ အယ်လ်ကိုဟောဟာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ လူတဦးအနေနဲ့ ကဖိန်းဓာတ်ကို တနေ့တာမှာ ၃၀၀ မီလီဂရမ်ထက်ကျော်ပြီး မသုံးစွဲသင့်ပါဘူး။ တနည်းအားဖြင့် ကော်ဖီကို တစ်ရက်တည်းမှာ ၃ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ကော်ဖီအပြင် တခြားကဖိန်းပါတဲ့ အဖျော်ယမကာများလည်း သတိပြုရပါမယ်။

 

ဥပမာ Green tea ဖြစ်ပါတယ်။ Green tea မှာလည်း ကဖိန်းပါဝင်တာမို့ အဒရီနယ်လင်ထွက်စေပြီး သွေးပေါင်ချိန်တက်စေနိုင်ပါတယ်။

 

အရက်ကိုတော့ အမျိုးသားများအနေနဲ့ တစ်ရက်မှာ နှစ်ခွက်၊ အမျီုးသမီးများအနေနဲ့ တရက်မှာ တခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒီနှုန်းထားထက်ပိုရင် သွေးတိုးလာနိုင်ပါတယ်။

 

ဖြည့်စွက်စာများ

 

ဖြည့်စွက်စာအချို့နဲ့ အစားအစာတွေမှာထည့်သွင်းထားတဲ့ ဓာတ်ပစ္စည်းအချို့ဟာ သွေးပေါင်ချိန်တက်စေတတ်ပါတယ်။ ပြောရမယ်ဆိုရင် ဖြည့်စွက်စာတွေမှာ ‘သဘာဝ’ လို့ ရေးထားတိုင်း ဘေးကင်းစိတ်ချရတယ်လို့ မှတ်ယူဖို့ မသင့်ပါဘူး။ သဘာဝဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်ထားတဲ့ အားဖြည့်ဓာတ်စာတွေမှာလည်း သွေးပေါင်ချိန်တက်စေတဲ့ ဓာတ်ပစ္စည်းတွေ ရှိပါတယ်။ ဥပမာ နွယ်ချို ဖြစ်ပါတယ်။

 

ဒိန်ခဲပါဝင်မှုများတဲ့ အစားအစာများ၊ ပြုပြင်ထားသော အသားများ၊ ပဲပိစပ်မှာ ထုတ်လုပ်သော စားသောက်ကုန်များမှာ တိုင်ရာမင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတမျိုး ပါဝင်ပါတယ်။ အဆိုပါ တိုင်ရာမင်းဟာ စိတ်ကျဝေဒနာသည်တွေကိုပေးတဲ့ MAOI ဆေးတွေနဲ့ ဓာတ်ပြုတဲ့အခါ သွေးပေါင်ချိန်တက်စေတဲ့ အာနိသင်ရှိပါတယ်။

 

ကာလံဒေသံ

 

ဆေးရုံဆေးခန်းကိုရောက်မှ သွေးပေါင်ချိန်တိုးနေတတ်တာမျိုး ကြုံဖူးပါလိမ့်မယ်။ ဒါမျိုးကို အနောက်နိုင်ငံတွေမှာတော့ white coat hypertension လို့ ခေါ်ဝေါ်ပါတယ်။ ဆေးရုံရောက်မှ၊ ဆရာဝန်ကိုမြင်မှ စိုးရိမ်စိတ်ပိုများလာပြီး သွေးတိုးလာတတ်ခြင်း ဖြစ်ပါတယ်။ တက်ကြွစွာ လှုပ်ရှားသွားလာပြီးစမှာ သွေးပေါင်ချိန်ရင်လည်း တက်နေတတ်တာ ကြုံရပါလိမ့်မယ်။

 

ဒါကြောင့် ဆေးရုံဆေးခန်းရောက်ရင်ဖြစ်စေ၊ စိတ်မြန်လက်မြန် လှုပ်ရှားသွားလာပြီးချိန်မှာဖြစ်စေ စိတ်ငြိမ်သွားအောင် ခေတ္တအနားယူပြီးမှ သွေးပေါင်ချိန်သင့်ပါတယ်။ သွေးပေါင်မချိန်ခင် မိနစ်အနည်းငယ်စောပြီး ငြိမ်ငြိမ်ထိုင်နေသင့်ပါတယ်။ သွေးပေါင်မချိန်မီ နာရီဝက်အတွင်း ဆေးလိပ်သောက်ခြင်း၊ ကော်ဖီ၊ အရက်သောက်ခြင်း မပြုသင့်ပါဘူး။

 

အထက်ပါအကြောင်းအရင်းများကို သိရှိထားရင် မိမိရဲ့သွေးပေါင်ချိန်အမှန်ကို တိုင်းတာနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။ အထူးသဖြင့် သွေးတိုးရောဂါအခံရှိသူတွေမှာ ပိုမိုသတိထားသင့်ပါတယ်။ သွေးပေါင်ချိန်ရလဒ်ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အပြင် ရေရှည်မှာ သွေးတိုးခြင်းကို အားပေးတဲ့အရာတွေမို့ ရှောင်ကြဉ်ရပါမယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr.Thant Zin

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်