“သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)” ပွဲတော် ဒုတိယနေ့ ပုံရိပ်များနှင့် ပါဝင်ဆင်နွှဲသူတို့၏ အမြင်များ

ရန်ကုန် ၂   ဖေဖော်ဝါရီ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်ကျင်းပသော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

 

အဆိုပါပွဲတော်ဒုတိယနေ့တွင် တိုင်းရင်းသားရိုးရာပြခန်းများ၊ ရိုးရာအဝတ်အထည်များနှင့် အစားအသောက် အရောင်းဆိုင်များ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများလည်းပါဝင်ရာ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား ညီအကိုမောင်နှများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည့်အပေါ် ၎င်းတို့၏ အမြင်များ၊ ပီတိစကားသံများနှင့် ပွဲတော်၏ ဒုတိယနေ့ မြင်ကွင်းပုံရိပ်အချို့ကို မြန်မာ့သတင်းစဉ်မှ ဖော်ပြလိုက်သည်။

 

1

 

ဦးအောင်သိန်းနိုင်

(ကိုးကန့်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ)

တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံး သိုက်သိုက်မြိုက်မြိုက်နဲ့ တစ်နေရာတည်းမှာ စုစည်းနိုင်ဖို့၊ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကိုချပြနိုင်ဖို့နဲ့ မြှင့်တင်နိုင်ဖို့အပြင် ခရီးသွား ကဏ္ဍမြှင့်တင်ဖို့အတွက် ဒီပွဲကြီးကို ပြုလုပ်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုးကန့်တိုင်းရင်းသားတွေ အနေနဲ့လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်နေတာပါ။ တိုင်းရင်းသားအားလုံး တစ်နေရာတည်းမှာ အခုလို စုစည်းခွင့်တယ်။ တိုင်းရင်းသားတွေ တစ်ဦးနဲ့တစ်ဦး တစ်နေရာတည်းမှာ ချစ်ခင်ရင်းနှီးမှုတွေရရှိတဲ့ ထူးခြားမှုပွဲပါ။ တိုင်းရင်းသားတွေအချင်းချင်း အခုလို ချစ်ချစ်ခင်ခင် နေကြမယ်ဆိုရင် ထာဝရ ချစ်ခင်ရင်းနှီးမှု မေတ္တာတွေပွားများလာမှာဖြစ်ပါတယ်။

 

2

 

ကိုအားဆမ်

(မိုးညှင်းမြို့မှ ကချင်တိုင်းရင်းသား )                            

ပထမအကြိမ်တုန်းကလည်း ကျွန်တော်တို့ပါဝင်ခဲ့ပါတယ်။ ဒီပွဲတော်ကြီးကိုလုပ်တော့ ကိုယ့်တိုင်းရင်းသားမျိုးနွယ်တဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်တော်တို့ကိုယ်တိုင် စုဆောင်းရတယ်။ ပြခန်းအတွက် အချက်အလက်နဲ့ ရိုးရာပစ္စည်းတွေကို စုဆောင်းရတော့ ကိုယ့်ရိုးရာဓလေ့တွေကို ပိုသိလာတယ်။ ပွဲတော်မှာလည်း အခြားသော တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်းတွေကို သိခွင့်ရတယ်။ တိုင်းရင်းသားတွေရဲ့နယ်မြေ ဒေသအလိုက် ယဉ်ကျေးမှုနဲ့ ထွက်ကုန်ပစ္စည်းတွေကိုတွေ့ရတာ အများကြီးအကျိုးရှိပါတယ်။ ခရီးသွားလုပ်ငန်းအတွက်လည်း အများကြီး အထောက်အကူပြုနိုင်တယ်။ ဒါတွေဟာ ဒီပွဲတော်က ကျွန်တော်တို့ကိုပေးလိုက်တဲ့ အကျိုးကျေးဇူးတွေပါ။ တိုင်ရင်းသားတွေအားလုံးကို တစ်နေရာတည်းမှာ အတူတကွမြင်တွေ့နိုင်ဖို့တာဆိုတာ အရင်တုန်းက စာထဲမှာပဲတွေ့ခဲ့ရတာပါ။ အခုတော့ တွေ့ဆုံဖို့ဆိုတာ အိပ်မက်လိုပါပဲ။ ဒီပွဲတော်ကြီးကြောင့် တစ်နေရာတည်းမှာရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရတယ်။

 

3

 

စခွန်းယုမောင်

(လွိုက်ကော်မြို့မှ ကယန်းတိုင်းရင်းသား)

သွေးချင်းတို့ပွဲတော်ကို ဒီနှစ်မှရောက်ဖြစ်တာပါ။ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း ယဉ်ကျေးမှုတွေ ဖလှယ်ခွင့်ရတဲ့ အတွက် တစ်ဦးနဲ့ တစ်ဦး လေးစားယုံကြည်မှုတွေပိုရှိလာနိုင်မယ်။ တိုင်းရင်းသားတွေအချင်းချင်း ယုံကြည်မှုတွေ ပိုရှိလာမယ်။ အဲဒီကနေတဆင့် အတူတူပူးပေါင်းဆောင်ရွက်မှုတွေ ရှေ့ဆက်လုပ်ဆောင်သွားရင် ကျွန်တော်တို့လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ဆိုတာ မဝေးပါဘူး။ ဒီပွဲတော်ကြီးမှာတွေ့မြင်နေရတဲ့  တိုင်းရင်းသား အချင်းချင်းရင်းနှီးမှုတွေကို အပြင်မှာလည်း လက်တွေ့ ဖော်ဆောင်ဖို့လိုတယ်။ ဒါကြောင့် ဒီလိုပွဲတွေ မကြာခဏ ကျင်းပဖို့လိုအပ်ပါတယ်။ ဒီလိုပွဲတော်တွေကနေ တိုင်းရင်းသား အချင်းချင်း ပိုပြီးရင်းနှီးမှုတွေရရှိလာနိုင်မှာဖြစ်ပါတယ်။

 

4

 

မိုင်ခင်ရတနာမိုးနိုင်

(ရခိုင်ပြည်နယ်မှ ချင်းတိုင်းရင်းသူ)

ဒီပွဲကနေ ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့ရိုးရာဓလေ့တွေကိုပြခွင့်ရတယ်။ တိုင်းရင်းသားတော်တော်များများက တိုင်းနှင့်ပြည်နယ် ၁၄ ခုကိုပဲ အဓိကသိကြတယ်။ အခုရိုးရာပြခန်းတွေမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေရဲ့ပြခန်းတွေပါဝင်တဲ့ အတွက် ဗဟုသုတွေ အများကြီးရတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေဟာလည်း တစ်ဦးနဲ့တစ်ဦး တူညီတာတွေရှိသလို စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ အခုလို တိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်း ပူးပေါင်းပါဝင်နေတဲ့ ဒီပွဲတော်ကြီးဟာ ငြိမ်းချမ်းရေးကို ဦးတည်နေတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားမှုတွေ၊ ပေါင်းစည်းမှုတွေ ကိုပြသတဲ့ပွဲပါ။ ရိုးရာယဉ်ကျေးမှု တွေကိုသာပြသတဲ့ပွဲ မဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အရည်အချင်းတွေ၊ အစွမ်းအဆတွေကို လည်းထုတ်ဖော်ပြသတာဖြစ်တဲ့အတွက် နောက်နှစ်တွေမှာလည်း ပိုပြီး လုပ်ဆောင် သင့်တယ်လို့မြင်တယ်။ တိုင်းရင်းသား တွေချင်းချင်း ဖလှယ်နိုင်မယ့် အရည်အချင်းတွေအများကြီး ရှိလာမယ်လို့ယံကြည်ပါတယ်။

 

5

                                                                                   

နော်ဖောခူမူး

(ကရင်တိုင်းရင်းသူ)

ကိုယ့်ရဲ့ကရင်ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့တွေကို ပြသခွင့်ရတဲ့ အတွက် ဂုဏ်ယူမိတယ်။ အခြားသော တိုင်းရင်းသားတွေရဲ့ ပြခန်းတွေကလည်း စိတ်ဝင်စားဖို့တော်တော်ကောင်းတယ်။ တိုင်းရင်းသား တစ်မျိုးနဲ့ တစ်မျိုး အပြုအမူ၊ အသုံးအဆောင်တွေ ဆင်တူနေတာမျိုးတွေလည်းတွေ့ရတယ်။ ဒါတွေဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုတွေ ပိုရလာသလိုခံစားရတယ်။ ဒီပွဲတော်ကနေ တိုင်းရင်းသားတစ်ဦးနဲ့ တစ်ဦးပိုပြီးချစ်ခင်ရင်းနှီးမှုတွေရရှိလာလို့ ဝမ်းသာမိတယ်။ ဒါတွေဟာ တိုင်းရင်းသားတွေအားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေး အတွက် အလားအလာကောင်းတွေပါပဲ။

 

6

                                                                                   

မအင်ကြင်းခိုင်

(သံဖြူဇရပ်မြို့နယ် မှ မွန်တိုင်းရင်းသူ )

ဒီပွဲတော်ကြီးမှာ တိုင်းရင်းသားတွေ အားလုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရတယ်။ ရိုးရာပြခန်းတွေလည်းပြသထားတဲ့အတွက် တိုင်းရင်းသားတွေအားလုံးရဲ့ ရိုးရာယဉ်ကျေးမှုတွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရတယ်။ ကိုယ်မသိသေးတဲ့ အခြားသောတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကိုသိခွင့်ရတဲ့အတွက် ဗဟုသုတတွေရတယ်။ ဒီပွဲတော်ဟာ အခြားသော ပွဲတွေနဲ့ မတူပဲ သွေးချင်းတွေအားလုံး စုစုစည်းစည်းနဲ့ တွေ့မြင်ရတဲ့ ထူးခြားတဲ့ပွဲပါ။ 

 

7

 

နန်းရွှေဥ

(တောင်ကြီးမြို့မှ ပအို့ဝ်တိုင်းရင်းသူ)

ပအို့ဝ်တိုင်းရင်းသူ တစ်ဦးအနေနဲ့ လာရောက်လေ့လာတာပါ။ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေ အပြင်အခြားသော တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကိုလည်းလေ့လာခွင့်ရတယ်။ အခြားသော တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကိုလည်း တန်ဖိုးထား လေးစားလာမိတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ရိုးရာ ဝတ်စုံတွေနဲ့ ဒေသထွက် အသီးအနှံတွေနဲ့ ပစ္စည်းတွေကိုလည်း သိလာတယ်။ ဒီလိုပွဲတော်မျိုးကို အခုမှတွေ့ဖူးတာပါ။ တိုင်းရင်းသားတွေအတွက် အင်မတန်ကောင်းတဲ့ပွဲပါ။ ဒါမျိုးပွဲတွေက များများရှိသင့်တယ်။

 

တွေ့ဆုံမေးမြန်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်