“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကတစ်ဆင့်ရရှိတဲ့ စည်းလုံးမှုဟာ လာမယ့် အနာဂတ်မှာ အကျိုးဖြစ်ထွန်းမယ်

တွေ့ဆုံမေးမြန်း- ဝင်းဝင်းမော်၊ ညွန့်ကိုကို

ဓာတ်ပုံ-ဇော်မင်းလတ်

 

ပွဲတော် နောက်ဆုံးညဖြစ်သည့် ယနေ့ညတွင် အင်ပါယာတီးဝိုင်းနှင့် 3oop Runner, The Key, K blood တီးဝိုင်းတို့ ပါဝင်ပြီး နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့်ဇော်ဝင်းထွဋ်၊ ဝေလ၊ သာဒီးလူ၊ အောင်ထက်၊ နီနီခင်ဇော်နှင့် ချမ်းချမ်း တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

ပွဲတော် နောက်ဆုံးနေ့တွင် လာရောက် ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်၊ လုပ်ငန်းရှင်များနှင့် လာရောက်လည်ပတ်ခဲ့ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

 

mdn

စောမိုရှေး(ဒုတိယဥက္ကဋ္ဌ)ကယားတိုင်းရင်းသား လုပ်ငန်းရှင် များအသင်း

 

ကျွန်တော်တို့ ပြည်နယ် သေးသေးလေးအနေနဲ့ အခုလို ကြီးမားတဲ့ပွဲတော်ကြီးကို ကျင်းပခွင့် ပြုပေးတဲ့ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့အပြင် လိုအပ်တာတွေကို အစစအရာရာ ကူညီပေးတဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ ကယား ပြည်နယ်အစိုးရအဖွဲ့ကို အထူးပဲကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ လာမယ့်နှစ်မှာ ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကျင်းပခွင့် ရတယ်ဆိုတော့ သူတို့ကိုလည်းပွဲတော်ရဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ဝေမျှပေးမယ်။ နောင်နှစ်တွေမှာလည်း ဒီထက်ပိုကောင်းအောင် ပိုစည်ကားအောင် ကျင်းပနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း အောက်မှာ ရှိတဲ့ အသင်း ၁၄ သင်းနဲ့ ပူးပေါင်းပြီး ဒီပွဲတော်ကို ကျင်းပခွင့်ရတဲ့အတွက် ကျွန်တော်တို့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ တိုင်းရင်းသား တစ်မျိုးနဲ့တစ်မျိုး ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေ မတူကြပါဘူး။ မတူသော်လည်း ဒီပွဲတော်ဖြစ်မြောက်အောင် အားလုံးက မတူတာတွေကို ထားခဲ့ပြီး တူတာတွေကို ပေါင်းစပ် ဆောင်ရွက်ကြတဲ့အတွက် ဒီပွဲတော်ကြီးကတစ်ဆင့် ရရှိတဲ့ စည်းလုံးမှုဟာ လာမယ့် အနာဂတ်မှာလည်း အများကြီး စည်းလုံးမှု အကျိုးဖြစ်ထွန်းမယ်လို့ ယုံကြည်ပါတယ်။

 

mdn

ချမ်းချမ်း(တေးသံရှင်)

 

ဒီနှစ်က ရန်ကုန်မှာရော၊ ကယား ပြည်နယ်မှာရော နှစ်နေရာလုံး ဖျော်ဖြေဖြစ်တယ်။ ဒီပွဲတော်က တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရတယ်။ အစားအသောက်တွေလည်း ပါတော့ မစားဖူးသေးတဲ့ အစားအစာတွေကိုလည်း မြည်းစမ်းခွင့်ရတယ်။ ပျော်စရာပွဲတော် တစ်ခုတည်းမဟုတ်ဘဲ ဗဟုသုတလည်း ရမယ်၊ စတိတ်ရှိုးလည်း အခမဲ့ကြည့်ရမယ်။ ညီမလည်း တိုင်းရင်းသူ တစ်ယောက်ပဲ။ မိသားစုဝင်တွေ၊ ဆွေမျိုးတွေကို လေ့လာလို့ရသလို အခြား မတူညီကွဲလွဲတဲ့ ရိုးရာတွေကို လေ့လာလို့ရတယ်။

 

mdn

ဒေါ်လေးပျို ပန်းကံ့ကော် တိုင်းရင်းသားပိုးထည် ချည်ထည်ရောင်းဝယ်ရေး

 

သွေးချင်းတို့ရဲ့ ပွဲတော်ကို ဒီနှစ်မှစပြီး ပါဝင်ရောင်းချဖြစ်တာပါ။ ဒီပွဲက အခြားပွဲတွေနဲ့ မတူပါဘူး။ လူဝင်များတဲ့အတွက် ရောင်းလို့ ဝယ်လို့ကောင်း ပါတယ်။

 

mdn

မကေသွယ် (ဗဟန်းမြို့နယ်) ပွဲတော်လာရောက်ကြည့်ရှုသူ

 

တိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ထုံးစံတွေကို သိမြင်ခွင့်ရတဲ့အတွက် ဗဟုသုတရစရာအများကြီး ရှိတာကြောင့် လာရောက်လေ့လာဖြစ်တာပါ။ အရင်ရက်တွေက မကြည့်ဖြစ်တဲ့ တိုင်းရင်းသား ပြခန်းတွေကို ဆက်ကြည့်တယ်။ ရိုးရာထည်တွေဝယ်ဖြစ်တယ်။ မသိသေးတဲ့ တိုင်းရင်းသား ရိုးရာအစားအစာတွေကိုလည်း ဝယ်စားဖြစ်တယ်။

 

mdn

ဦးအောင်ငွေ(ဒုတိယအထွေထွေ ၊ မန်နေဂျာ၊ ရွှေဆည်တော်ကိုးသုံးလုံး ရောင်းဝယ်ရေးကုမ္ပဏီ)

 

သွေးချင်းတို့ရဲ့ ပွဲတော်ကို မနှစ်ကလည်း ပါဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်တွေရဲ့ ဈေးနှုန်းက ပုံမှန်ဖြန့်ဖြူး ရောင်းချတာတွေထက် ဈေးနှုန်းချပြီးရောင်းချ ပေးတယ်။ ပစ္စည်းတွေကိုလည်း လက်ဆောင်ပေးပြီးရောင်းချပါတယ်။ မနှစ်ကတော့ ကချင်ပြည်နယ်က ဦးစီးကျင်းပခွင့်ရခဲ့တယ်။ ယခုနှစ်ကတော့ ကယားပြည်နယ်က ဦးစီးကျင်းပတယ်။ ဒီလိုပွဲတော်တွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူတွေ ဈေးသက်သက်သာသာနဲ့ ဝယ်ယူခွင့်ရပြီး ပြည်သူနဲ့လည်း ထိတွေ့ခွင့်ရတယ်။ ပျော်ပျော်ပါးပါး ရှိကြတယ်။

 

mdn

မအိဖြိုးချယ်ရီ စီးပွားရေးလုပ်ငန်းရှင်

 

အခုည စတိတ်ရှိုးမှာ ညီမတို့ ကြိုက်တဲ့ အဆိုတော်တွေပါတဲ့ အတွက်ကြိုက်ပါတယ်။ ဦးညီထွဋ်ကို ကြိုက်တယ်။ နီနီခင်ဇော်တို့လည်း ပါတယ်။ ညီမတို့ကလည်း ကယားလူမျိုးတွေဆိုတော့ စည်းလုံးခြင်းက အလွန်အရေးကြီးတယ်။ စည်းလုံးမှလည်း တိုင်းပြည်ငြိမ်းချမ်းမှာလေ။