သောင်တင်နေသော ပင်လယ်လိပ်တစ်ကောင်အား စစ်တောင်းမြစ်အတွင်း ပြန်လည်လွှတ်ပေး

ကဝ   ၈ ဇန်နဝါရီ

ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် ပဲခူးခရိုင် ကဝမြို့နယ် ရွှေတဆုပ်ရွာသစ် အရှေ့ဘက်သောင်၌ သောင်တင်နေသော ပင်လယ်လိပ်တစ်ကောင်အား ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့် ဦးဆောင်သောအဖွဲ့များက ရွှေတဆုပ်ရွာသစ်ကျေးရွာ အရှေ့ဘက် စစ်တောင်မြစ်အတွင်းသို့ ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလိပ်သည် ကျောခွံအလျား (၂၉) လက်မ၊ အနံ (၂၇) လက်မခန့်ရှိသော ပင်လယ်လိပ်ဖြစ်ပြီး ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက ပဲခူးခရိုင်၊ ကဝမြို့နယ် ရွှေတဆုပ်ရွာသစ်အရှေ့ဘက် သောင်တွင် သောင်တင်နေသည်ကို ရွှေတစ်ဆုပ်ရွာသစ်၊ ဘုရားတဲစုနေ ရေလုပ်သားများဖြစ်သည့် ဦးမြင့်စိုးနှင့် ဦးဖိုးထောင်တို့မှ တွေ့ရှိသဖြင့်  နွားကျောင်းသားဘုရားတွင် ဝန်းခြံခတ်၍ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါထိန်းသိမ်းထားသော ပင်လယ်လိပ်ကြီးအား ပဲခူးတိုင်ဒေသကြီး ငါးလုပ်ငန်းဦးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်သည် ကဝမြို့နယ်ငါးလုပ်ငန်း၊ ဦးစီးဌာနမှူး ဦးထိန်ဝင်း၊ မီးလောက်ကျေးရွာ၊ အောင်ကောင်းညွန့်ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လိပ်ကြီးအားထိန်းသိမ်းထားသူများ၊ ကျေးရွာသူ/သားနှင့်အတူ ရွှေတဆုပ်ရွာသစ်ကျေးရွာ အရှေ့ဘက် စစ်တောင်းမြစ်အတွင်း ပြန်လည်လွှတ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)

 

mdn