သြစတြေးလျတောမီး‌ကြောင့် ရှားပါးမျိုးစိတ်တွေ ပျက်စီးလာခြင်းက ‌ဂေဟစနစ်ကိုထိခိုက်နိုင်

၂၁  ဇန်နဝါရီ

ဩစတြေးလျတောမီးနဲ့ အခြားသော ရာသီဥတုဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်များရဲ့ အကျိုးသက်ရောက်မှုကြောင့် ရှားပါးမျိုးစိတ်များရဲ့ နေထိုင်မှုပုံစံများ ပျက်စီးစေပြီး ဩစတြေးလျမျိုးရင်း ဘဲတူဖျံတူသတ္တဝါများလည်း တဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အနေအထားရောက်နေတယ်လို့ နိုင်ငံရဲ့ အပူချိန် မြင့်တက်လာမှုအပေါ် ပြုလုပ်ထားတဲ့ သုတေသနစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မီးလောင်မှုဖြစ်စဉ်ကြောင့် ဆိုးရွားစွာထိခိုက်

မမျှော်မှန်းနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ မီးလောင်မှုတွေဟာ ပေါ်တူဂီလောက် ပမာဏရှိတဲ့ နေရာတစ်ခွင်ကို တောက်လောင်ခဲ့တဲ့အတွက် လူပေါင်း ၂၉ ဦး လောက် သေဆုံးခဲ့ပြီး ဩစတြေးလျရဲ့ သားရဲ တိရစ္ဆာန်တွေ ပေါကြွယ်လှတဲ့နေရာမှာလည်း သက်ရှိသတ္တဝါပေါင်း တစ်သန်းလောက် ငရဲခံစားခဲ့ရပြီး သေဆုံးခဲ့ပါတယ်။

မီးလောင်မှုမှ လွတ်မြောက်လာခဲ့တဲ့ သတ္တဝါလေးတွေဟာလည်း ဒီဒုက္ခတွေကို နာလန်ပြန်ထူဖို့ရာ နှစ်ပေါင်းအတော်ကြာ အချိန်ယူရဦးမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူ တွေကတော့ ရှားပါးမျိုးစိတ်တွေ ဘယ်လောက် အထိ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့သလဲဆိုတာကို တွက်ချက်ဖို့စောလွန်းပါသေးတယ်လို့ ပြောပါတယ်။

အစိုးရရဲ့ ကနဦးအားထုတ်လုပ်ဆောင်မှုအနေနဲ့ ပျက်စီးမှုတွေရဲ့ သက်ရောက်မှုကို ခန့်မှန်းတဲ့အခါမှာ မီးလောင်မှုကြောင့် ဆိုးရွားစွာ မျိုးသုဉ်းပျောက်ကွယ်တော့မယ်လို့ သတ်မှတ်ထားတဲ့ မျိုးစိတ် ၃၂ ခုရဲ့ နေထိုင်မှုပုံစံတွေ ထိခိုက်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဒီထဲမှာ အဓိကကတော့ အပင်မျိုးစိတ်တွေလည်း ပါဝင်ပါတယ်။ သို့သော်လည်း ဖားမျိုးစိတ်၊ လိပ်မျိုးစိတ်၊ အခြားငှက်မျိုးစိတ်တွေလည်း ပါဝင်ပါတယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ စွမ်းအင်ဌာနက ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်တဲ့ ကနဦးစာရင်းအရ သိခဲ့ရပါတယ်။

ဒါတင်မကပါဘူး။ နောက်ထပ် ရှားပါးမျိုးစိတ် ၄၉ ခုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာလည်း မီးလောင်မှုကြောင့် ပျက်စီးခဲ့ပါတယ်။ ထို့အတူ အခြား ရှားပါးမျိုးစိတ် ၆၅ ခုရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာလည်း မီးလောင်မှုဖြစ်စဉ်ကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့ပါတယ်။

မျိုးသုဉ်းပျောက်ကွယ်မှုကို ရင်ဆိုင်နေရ

မျိုးသုဉ်းပျောက်ကွယ်တော့မယ့် မျိုးစိတ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆယ်လီဘောက်စ်က မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မျိုးစိတ်တွေကို စာရင်းအတိအကျ တွက်ချက်ဖို့ဆိုတာ စောလွန်းသေးတယ်လို့ သတိပေးခဲ့တာတော့ရှိပါတယ်။ ။

တချို့မျိုးစိတ်တွေဟာ အခြားမျိုးစိတ်တွေထက် မီးပိုမိုလောင်ကျွမ်းမှုတွေရှိတယ်။ ထို့အတူ တချို့နေရာတွေဟာလည်း တခြားနေရာတွေထက် မီးပိုမိုလောင်ကျွမ်းမှုများရှိတယ်။ ဒါကြောင့် စာရင်းအတိအကျ မထုတ် ပြန်ခင် သို့မဟုတ် အတိအကျတွက်ချက်မှု မလုပ်ခင်မှာ နောက်ထပ်လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုသေးတယ်လို့ ဆယ်လီဘောက်စ်က ပြောပါတယ်။

လပေါင်းများစွာ လောင်ကျွမ်းခဲ့တဲ့တောမီးရဲ့ သက်ရောက်မှုကြောင့် လယ်သမားတွေအတွက် အကြီးအကျယ် ထိခိုက်ပျက်စီးစေသလို ခြံမွေးတိရစ္ဆာန် သေဆုံးမှုပေါင်း ၁၀၀၀၀၀ ထက်မက ရှိခဲ့ပါတယ်။ ဒီထက်ပိုဆိုးဖို့ပဲရှိပါ တယ်။ လျော့ဖို့တော့မရှိပါဘူး။ ။

ဩစတြေးလျတောင်ပိုင်း အဒယ်လိုင်ဒယ် ကမ်းလွန်သားပိုက်ကောင်ကျွန်းရဲ့ စိုက်ပျိုးရေး ပညာရှင် ဒယ်နီရယ်ပလိဒ်က မီးလောင်မှုကြောင့် ခြံမွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တာဟာ အတိုင်းထက်အလွန်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ထို့အတူ လယ်သမားတွေအနေနဲ့လည်း နောက်ထပ်အပိုကုန်ကျမှုတွေ ရှိခဲ့ပါတယ်လို့ ပြောပါတယ်။

ထို့အတူပဲ လယ်သမားတွေဟာ ကာလရှည်ကြာ မိုးခေါင်ရေရှားမှုရဲ့ဒဏ်ကို ခံနေရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကြောင့် ဘဲတူဖျံတူသတ္တဝါတွေလည်း မျိုးသုဉ်းတော့မယ့် အနေအထားကို ရောက်နေပြီဖြစ်တယ်လို့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်လိုက်တဲ့ တခြားလေ့လာမှုစစ်တမ်းတစ်ခုမှာ ဖော်ပြ ထားပါတယ်။ ဘဲတူဖျံတူသတ္တဝါတွေဟာ တခြားသော အကြောင်းတွေကြောင့် အရင်ကတည်းက မျိုးသုဉ်းပျောက်ကွယ်မယ့် အနေအထားကို ရင်ဆိုင်နေရတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။

သဘာဝဖြစ်စဉ်ရဲ့ ပုံပြင်တစ်ပုဒ်

သို့သော်လည်း နယူးဆောက်ဝေးလ် တက္ကသိုလ်ဂေဟစနစ်ရဲ့ သိပ္ပံပညာရှင်များက နှစ်ပေါင်းများစွာ မိုးနည်းမှုနဲ့ အပူချိန်မြင့်တက်လာမှုကြောင့် မြစ်ချောင်းစနစ်တွေရဲ့ ပျက်စီးမှု တွေဖြစ်ပေါ်လာတဲ့ကိစ္စကလည်း အခုလို ရှားပါးမျိုးစိတ်တွေကို မျိုးသုဉ်းပျောက်ကွယ်စေတဲ့ အခြားအကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဘဲတူဖျံတူသတ္တဝါတွေရဲ့ အရေအတွက်ဟာ လာမယ့်နှစ် ၅၀ အတွင်းမှာ ၆၆ ရာခိုင်နှုန်း အထိ ကျဆင်းလာနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အကယ်၍များ ရာသီဥတုပြောင်းလဲမှုတွေဟာ ပိုမိုဆိုးရွားလာမယ် ဆိုပါက အရင်ခန့်မှန်းထားတဲ့ ၆၆ ရာခိုင်နှုန်းကို ကျော်လွန်ပြီး ၇၃ ရာခိုင်နှုန်းအထိ ကျဆင်း လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

ဒီအရေးကိုဖြေရှင်းဖို့ အမျိုးသားအဆင့် အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ကျွမ်းကျင်သူတွေက မီးမောင်းထိုးပြထားပါတယ်။

ဒါပေမယ့်ကံကောင်းစွာနဲ့ပဲသမိုင်းဦးခေတ် ဒိုင်နိုဆောမျိုးရင်း အပင်အုပ်စုတွေ ပျောက်ဆုံး ကုန်မယ့်ဘေးကတော့ မီးသတ်သမားတွေက ကာကွယ်ဟန့်တားနိုင်ခဲ့ပါတယ်။ ထို့အတူပဲ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀၀ လောက် ကတည်းက ရှိခဲ့တဲ့ တခြားရှားပါးအပင် မျိုးစိတ်တွေကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို အပင်တွေဟာ များများစားစားတော့ မကျန်တော့ပါဘူး။ အပင်ပေါင်း ၂၀၀ အောက်တောင် လျော့နည်းနေပါပြီ။ ။

ဒါဟာ သဘာဝဖြစ်စဉ်တစ်ခုရဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်ပါတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီး မက်ကန်က မှတ်ချက်ပြုပြောကြားပါတယ်။ ။

ဩစတြေးလျတောမီးဟာ သက်ရှိမျိုးစိတ်တွေကို ပျောက်ကွယ်စေသလို တခြားသော ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်တွေ အပူချိန်မြင့်တက်လာမှုတွေဟာ သက်ရှိမျိုးစိတ်တွေကို ပျောက်ကွယ်စေခဲ့တဲ့ အခြား အချက်တွေပဲဖြစ်ပါတယ်။ သို့သော်လည်း မီးသတ်သမားတွေရဲ့ ကြိုးစားမှုနဲ့တချို့ ရှားပါးမျိုးစိတ်တွေကို ကယ်တင်နိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မီးလောင်မှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ဂေဟစနစ်တွေ ပျက်စီးကုန်ရင် သဘာဝတရားကြီး ကမောက်ကမဖြစ်ကုန်မှာပဲ ဖြစ်ပါတယ်။

ထွန်းသစ်စ

ကိုးကား-အေအက်ဖ်ပီ