သဘာဝမြေသားရေကန်များ ခမ်းခြောက်၍ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော အေးရွာ ကျေးရွာသို့ ရေဂါလန် ၁၆၀၀  သွားရောက် လှူဒါန်း

ညောင်ဦး ၁၂ ဇူလိုင်

 

သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အေးရွာကျေးရွာသို့ ညောင်ဦးမြို့နယ် ပုဂံနယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးဥက္ကာဦးဆောင်သော တပ်ဖွဲ့ဝင်များမှ သောက်သုံးရေ ဂါလန် (၁၆၀၀) ကို ကျေးရွာအရောက် ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာရှိ စက်ရေတွင်းမှရေသည် ထုံးဓာတ်များခြင်း၊ ရေငံခြင်း၊ ရေမသန့်ခြင်းကြောင့် သောက်ရေအတွက် မိုးရာသီ သဘာဝမြေသားရေကန်များမှ ရေကိုသယ်ယူကျိုချက်၍ သောက်ရေအဖြစ် အသုံးပြုကြကြောင်း၊ ယခုကာလအတွင်း မိုးရွာသွန်းမှုနည်းပါးပြီး ကျေးရွာရှိသဘာဝရေကန်များသို့ ရေလုံလောက်စွာ ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် သောက်ရေအခက်အခဲဖြစ်ပေါ်ကြောင်း အေးရွော ကျေးရွာနေ ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

 

ထို အေးရွာကျေးရွာတွင် အိမ်ခြေ (၂၃၀) အိမ်၊ လူဦးရေ (၉၃၈) ဦးခန့် ရှိပြီး သဘာဝရေကန်များ ခမ်းခြောက်၍ သောက်သုံးရေပြတ်လပ်မှုကြုံတွေ့နေရကြောင်း သိရှိရသဖြင့် ပုဂံနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေအား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

  

ကျော်မင်းဦး(ရေနံချောင်း)