သဘာဝဘေးကို မပေါ့မဆသတိပြု

ယခုကာလ ကိုဗစ်-၁၉ ရောဂါဘေး ကာကွယ်၊ ထိန်းချုပ်ရေးကို တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်နေကြသည့်အချိန်တွင် အထူးသတိထားရမည့်ကိစ္စ တစ်ခုမှာ မိုးရာသီတွင်ဖြစ်ပေါ်တတ်သော မိုးကြိုးပစ်သည့်အန္တရာယ် ဖြစ်သည်။ ယခုမိုးကြိုကာလ ဧပြီလနှင့် မေလအတွင်း မိုးကြိုးဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် လူ ၂၅ ဦး သေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာ ရရှိခဲ့သည်။

ဆက်လက်၍ ယခုဇွန်လ ၁ ရက်မှ လေးရက်အတွင်း မိုးကြိုးဒဏ် ကြောင့် သေဆုံးသူ ၁၃ ဦးရှိရာ ယခုကာလ မိုးကြိုးပစ်ခဲ့သည့် ၃၄ ကြိမ်တွင် သေဆုံးသူ ၄၀ နီးပါးရှိခဲ့သည်။ ယခုနှစ်မှာ မိုးကြိုးပစ်ခံရသော ပြည်သူအရေ အတွက်မှာ မြန်မာနိုင်ငံ၏သဘာဝဘေးအန္တရာယ်မှတ်တမ်းတွင် မကြုံစဖူး ထူးကဲများပြားလွန်းသည်ဟု ဆိုရမည်ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၃ ရက် နေ့က မြိတ်မြို့နယ်တွင် တစ်နေရာထဲသို့ မိုးကြိုးပစ်ခဲ့ရာ အမျိုးသမီး လေးဦးနှင့် ကလေးတစ်ဦးသေဆုံးရပြီး အမျိုးသမီးခုနစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် မိုးကြိုးအန္တရာယ်ကို အထူးသတိထားရတော့မည် ဖြစ်သည်။

ယခုနှစ် နွေအကုန် မိုးအကူးကာလတွင် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ လေထုအပူချိန်မြင့်တက်လာခြင်းတို့ကြောင့် အပူရှိန်အလွန်မြင့်လာပြီး မိုးကြိုးပစ်သည့်ဖြစ်စဉ်များ ပိုများလာသည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းကြသည်။ မုတ်သုံအဝင်ကာလတွင် အပူချိန်များ မြင့်တက်ခဲ့ပြီးနောက် မိုးရွာသွန်းမှုများဖြစ်ပေါ်လာရာ ယခုကာလ၌ မိုးကြိုးပစ်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းတို့ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့သည်။ မိုးရာသီကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော သဘာဝပင်ဖြစ်သော်လည်း ထိုသို့ဖြစ်ပေါ်နေသောအချိန်အခါတွင် မိုးကြိုး စက်ကွင်းထိနိုင်သော ပြုမူလုပ်ကိုင်မှုများကိုရှောင်ရှား၍ ဘေးအန္တရာယ်မဖြစ် အောင် သတိထားနေထိုင်တတ်ဖို့ လိုအပ်သည်။

လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းတို့သည် တစ်ဆက် တစ်စပ်တည်းဖြစ်လေ့ရှိပြီး ထိုအချိန်ကာလတွင် ပတ်ဝန်းကျင်၌ လျှပ်စစ် စီးကြောင်းများ လျှပ်တစ်ပြက်စီးဆင်းပြီး ပေါက်ကွဲမှုပြင်းထန်နိုင်ရာ ထိုအချိန်တွင် လက်ကိုင်ဖုန်းအသုံးပြုပါက အလွန်အန္တရာယ်များသည်ကို သတိထားရမည်ဖြစ်သည်။ လျှပ်စီးလက်စဉ် လက်ကိုင်ဖုန်းအသုံးပြုလျှင် မိုးကြိုးစက်ကွင်းမိနိုင်သည့်အပြင် နေအိမ်အတွင်းရှိ တီဗွီ၊ ရေဒီယို၊ လျှပ်စစ် ထမင်းအိုး၊ ဟင်းအိုး၊ လျှပ်စစ်မီးပူ၊ ကွန်ပျူတာ စသည့်လျှပ်စီးပစ္စည်းများပါ ထိခိုက်ပျက်စီးနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

နေအိမ်ပြင်ပသို့ ရောက်ရှိနေစဉ် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း ဖြစ်လာပါက လက်ကိုင်ဖုန်းအသုံးပြုခြင်းကို ချက်ချင်းရပ်ဆိုင်းရန်လိုအပ်ပြီး မိုးကြိုးပစ်နေစဉ်အတွင်း ကွင်းပြင်ကျယ်များ၊ သစ်ပင်၊ ဓာတ်တိုင်နှင့် သံ၊ သတ္တုပစ္စည်းများအနီးအနားတွင် မနေထိုင်သင့်ဘဲ အိမ်အပြင်ဘက်ရှိ လျှပ်စစ်စက်ကွင်းကျရောက်နိုင်သော နေရာများတွင် လူစုလူဝေးကို ရှောင်ရှား၍ ဖြန့်ခွဲနေထိုင်သင့်ပါသည်။ မိုးရွာသွန်းနေစဉ်၊ လျှပ်စီးလက်နေစဉ်၊ မိုးခြိမ်းနေစဉ် လူစုလူဝေးဖြင့်နေထိုင်မိပြီး မိုးကြိုးပစ်ခြင်းခံရသောကြောင့် လူ့အသက်များဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရသည်မှာ သင်ခန်းစာယူဖွယ်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ယခုနှစ်တွင် အများဆုံးကျရောက်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထား ရာ ယခုနှစ်တွင် အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်း၊ ရုတ်တရက် လေပြင်း တိုက်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်း တိုက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ နိုင်သည်ကို သတိမူရမည်ဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာဆောင်ရွက်ခြင်းနှင့် အတူ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးစေမည့်အချက်များကိုလည်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ