သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်

နေပြည်တော်  ၁၇   ဖေဖေါ်ဝါရီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း က ခရိုင်/မြို့နယ်များရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသအသီးသီး၌ သဘာဝဘေးအန္တရာယ် နှင့်ရင်ဆိုင်ရပါက ဘေးအန္တရာယ်ထိခိုက်မှုလျှော့ချရေးကို ပိုမိုနားလည်လာစေရန်၊ ဘေးအန္တရာယ် ကြောင့်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ရေးအတွက် ကြိုတင်သတိပေး စီမံဆောင်ရွက်နိုင်စေရန်နှင့် ဘေးဒဏ် ခံနိုင်စွမ်းကို မြှင့်တင်ဆောင်ရွက်နိုင်စေရန် သင်တန်းများဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ နေပြည်တော်အတွင်းရှိ ခရိုင်/မြို့နယ်များရှိ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီအောက်ရှိ စေတနာ့ဝန်ထမ်း သင်တန်းသား/သင်တန်းသူ(၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှုအယူအဆနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဆုံးရှုံးနိုင်ခြေ၊ ရှေးဦးသူနာပြုနည်းများနှင့် ကာကွယ်စောင့်ရှောက်မှုများကို ဖေဖေါ်ဝါရီ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့အထိ ငါးရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်သည်။

 

သင်တန်းအား ဘေးအအန္တရာယ်ထိခိုက်မှုလျှော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရေးနှင့် စီမံခန့်ခွဲရေးကို ဆောင်ရွက်နိုင်စွမ်းရှိပြီး ရပ်ရွာများအတွင်း ပြည်သူလူထုအား အသိပညာပေးနိုင်ရန်၊ သဘာဝဘေးရင်ဆိုင် တုံ့ပြန်ရေးလုပ်ငန်းများတွင် လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေးအရေးပေါ်ကြုံတွေ့လာပါက ကြိုတင်သတိပေးစနစ်ကို အချိန်မီထိရောက်စွာ ဖြန့်ဝေပေးနိုင်ရန်အတွက် ရည်ရွယ်၍ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

(ရွှေကုက္ကို)