သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးခဲ့သည့် သီးနှံဧကများကို ထောက်ပံ့ငွေပေးအပ်

ခန္တီး    ၁၅  ဇူလိုင်    

 

၂၀၁၈-၂၀၁၉ ဘဏ္ဏရေးနှစ် နိုဝင်ဘာ ၃ ရက် ၂၀၁၈ မှ စက်တင်ဘာ ၃၀ ရက် ၂၀၁၉ ရက်နေ့ထိ ကာလအတွင်း ရေကြီးနစ်မြုပ်ခြင်း၊ ပိုးမွှားကျရောက်ခြင်း၊ မိုးလိုမိုးခေါင်ခြင်း၊ ကြွက်ဖျက်ဆီးခြင်း၊ မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် သီးနှံ ပျက်စီးဧကများအတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ သီးနှံပြန်လည်အစားထိုး စိုက်ပျိုးရန် ပြည်ထောင်စုအရေးပေါ် ရန်ပုံငွေမှထောက်ပံ့ခြင်းကို ယမန်နေ့ညနေက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

 

ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ခန္တီးခရိုင်အတွက် ငွေကျပ်ရှစ်သိန်းတစ်သောင်းနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွက် ၃၈ သိန်း ခုနှစ်သောင်း၊ နန်းယွန်းမြို့နယ်အတွက် ၁၁ သိန်း ရှစ်သောင်းနှင့် ကုန်းမြင့်ကော်ဖီမျိုးစေ့များကို ပေးအပ်ခဲ့သည်။ 

 

အဆိုပါပေးအပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီကဖွဲ့စည်းထားသည့် မြို့နယ်အရေးပေါ် ရန်ပုံငွေထောက်ပံ့ရေး အဖွဲ့ကိုယ်စားအတွင်းရေးမှူးများဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စနေမောင်မောင်(ခန္တီး)