သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်

သတင်းဆောင်းပါး - နိုင်လင်းကြည်၊ဓာတ်ပုံ - ဟိန်းစည်သူ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများသာမက အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်လည်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

 

ထို့ပြင် မြန်မာ့ရှေးဟောင်း အမွေအနှစ်များနှင့် ယဉ်ကျေးမှုလက္ခဏာများကို မပျောက် ပျက်အောင် ကာကွယ်စောင့်ရှောက်ကာ ရိုးရာဂီတနှင့် အနုပညာများဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပျံ့နှံ့စေရန် အသိပေးတင်ဆက် ဖျော်ဖြေလျက်ရှိသည်။

 

02

 

သာသနာတော်ဆိုင်ရာ အချက်အလက် များအရ မြန်မာနိုင်ငံတွင် ဘာသာဝင်ဦးရေ ရာခိုင်နှုန်းကို ကြည့်မည်ဆိုပါက ဗုဒ္ဓဘာသာဝင် ၈၇ ရာခိုင်နှုန်းကျော်၊ ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်းပေါင်း ၇၂၀ဝ၀ ကျော်၊ ခရစ်ယာန်ဘာသာဝင် ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဘုရား ရှိခိုးကျောင်း ၇၆၀ဝ ကျော်၊ အစ္စလာမ် ဘာသာဝင် ၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဝတ်ပြု ကျောင်း ပေါင်း ၁၁၀ဝ ကျော်၊ ဟိန္ဒူဘာသာဝင် သုည ဒသမ ၅ ရာခိုင်နှုန်းနှင့် ဟိန္ဒူဘုရားရှိခိုး ကျောင်း ၁၀ဝ၀ ကျော်ရှိသည်။ နတ်ကိုးကွယ်မှု သုည ဒသမ ၈ ရာခိုင်နှုန်းနှင့် အခြားကိုးကွယ်မှု သုည ဒသမ ၂ ရာခိုင်နှုန်းရှိသည်။

 

ဗုဒ္ဓဘာသာသည် နိုင်ငံသားတိုင်းရင်းသားပြည်သူအများစု ကိုးကွယ်သည့်ဘာသာဖြစ်ပြီး ဗုဒ္ဓသာသနာ သည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၆၀ဝ ကျော်မှစတင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှေးအကျဆုံးနှင့် အထင်ကရ ဘာသာတစ်ခုဖြစ်ပြီး ရဟန်း သာမဏေပေါင်း ငါးသိန်းကျော် ရှိပြီး ရဟန်းသာမဏေများနှင့် ပတ်သက်သည့် အခမ်းအနားများကို ရာသီအချိန်ကာလအလိုက် ကျင်းပပေး လျက်ရှိရာ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကထိန် သင်္ကန်းကပ်လှူသည့် မင်္ဂလာအခမ်းအနား များကို နှစ်စဉ်မပြတ်ကျင်းပပေးလျက်ရှိသည်။

 

ဗုဒ္ဓဘာသာ၏ အရင်းခံရေသောက်မြစ်သည် ပရိယတ္တိသာသနာဖြစ်ပြီး ပရိယတ္တိ သာသနာ တည်တံ့ခိုင်မြဲရန် အဘိဓမ္မာနှင့် ဝိသုဒ္ဓိစာမေးပွဲ၊ ပိဋကတ်သုံးပုံစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲတို့ကို နှစ်စဉ်ကျင်းပလျက်ရှိသည်။

 

သုတ္တန်၊ ဝိနည်းနှင့် အဘိဓမ္မာ စသည့် ပိဋကတ်သုံးပုံကို နှုတ်တက်အာဂုံ ဖြေဆို နိုင်လျှင် တိပိဋကဓရဘွဲ့နှင့် ပိဋကတ်သုံးပုံ ရေးဖြေအောင်မြင်လျှင် တိပိဋကကောဝိဒဘွဲ့ ချီးမြှင့်ခဲ့ပြီး တိပိဋကဓရ တိပိဋကကောဝိဒ စာမေးပွဲများ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း သာသနာ့ အာဇာနည် ၁၅ ပါး ပေါ်ထွန်းခဲ့သည်။

 

၂၀၁၇ ခုနှစ်တွင် သာသနာ့အာဇာနည် တစ်ပါးပေါ်ထွန်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ အာဂုံဆောင်နှင့် ရေးဖြေစာမေးပွဲများတွင် သာသနာ့အာဇာနည် တစ်ပါး ပေါ်ထွန်းခဲ့သည်။ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာ ကိုးကွယ် သည့် နိုင်ငံ ငါးနိုင်ငံအနက် တိပိဋကဓရ၊ တိပိဋက ကောဝိဒနှင့် တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆိုသည့် သာသနာ့အာဇာနည်များ ပေါ်ထွန်းသည့်နိုင်ငံ မှာ မြန်မာတစ်နိုင်ငံတည်းသာ ရှိသည်။

 

03

 

၁၉၈၀ ပြည့်နှစ် ဂိုဏ်းပေါင်းစုံအစည်း အဝေးကြီးက ရဟန်းသာမဏေ ငါးသိန်းကျော် ထဲကနေ ရဟန်းများကို ဆန္ဒမဲပေးရွေးချယ် ခဲ့ရာ ဗဟိုသံဃာ့ဝန်ဆောင် သံဃာတော် အပါး ၃၀ဝ ပေါ်ထွန်းခဲ့သည်။ နိုင်ငံတော်သြဝါဒါ စရိယ ဆရာတော်ကြီး ၁၁၁ ပါးက ဦးဆောင်ပြီး လက်ရှိအချိန်တွင် ဆရာတော်ကြီးများသည် သက်တော် ၉၀၊ ၁၀ဝ တန်းတွင် ရောက်ရှိနေပြီ ဖြစ်သည်။

 

ဗုဒ္ဓဘာသာကိုကမ္ဘာသို့ ပြန့်ပွား

 

သာသနာရေးပိုင်းတွင် သာသနာရေးဦးစီး ဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့ ရှိရာ သာသနာရေးဦးစီးဌာနသည် သာသနာတော်နှင့်ပတ်သက်သည့် စည်းကမ်း ထိန်းသိမ်းရေးနှင့် ဝိနည်းဓမ္မကံကိစ္စရပ်များအပြင် ပရိယတ္တိစာမေးပွဲများ ကျင်းပရေးကို တာဝန်ယူဆောင်ရွက်ရသည်။

 

သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနသည် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)နှင့် (မန္တလေး)တို့ရှိသည်။ ဗုဒ္ဓဘာသာကို ကမ္ဘာသို့ ပြန့်ပွားစေရေးရည်မှန်း ချက်များနှင့်အတူ အထူးသဖြင့် နိုင်ငံခြားသား ရဟန်းသံဃာများ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ် များကို ဦးစားပေး သင်ကြားပေးနေသည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ်ကို တည်ထောင် ဖွင့်လှစ်ထားသည်။

 

ယဉ်ကျေးမှုပိုင်းတွင် အနုပညာဦးစီးဌာန သည် အနုပညာအထက်တန်းကျောင်း (မန္တလေး)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(မန္တလေး)တို့ရှိသည်။ ရန်ကုန် တွင် အနုပညာအထက်တန်းကျောင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ ရှိသည်။

 

သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနတွင် အမျိုးသား စာကြည့်တိုက် (ရန်ကုန်)၊ (နေပြည်တော်)နှင့် (မန္တလေး)တို့ရှိသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်များ ဦးစီးဌာနတွင် အမျိုးသားပြတိုက်(ရန်ကုန်)နှင့် အမျိုးသား ပြတိုက်(နေပြည်တော်)တို့အပြင် ရှေးဟောင်း သုတေသနနှင့်ပတ်သက်သည့် သင်တန်း ကျောင်းများကို ဖွင့်လှစ်ထားသည်။

 

04

 

၂၀၁၆ ခုနှစ် ဧပြီလမှစတင်ကာ နိုင်ငံတော် သံဃမဟာ နာယကဆရာတော်ကြီးများ၊ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူကာ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကျိုက်ထီးရိုး စေတီတော်မြတ်နှင့် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်များကို သိသာထင်ရှား အောင် ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်ခဲ့သည်။

 

“ရွှေတိဂုံစေတီတော်မြတ်ကြီးကို အစအဆုံး ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ရွှေသင်္ကန်း ကပ်ရင် ငါးနှစ်ခံပါတယ်။ သဘာဝရွှေဟာ ရာသီဥတုနဲ့ လေဒဏ်မိုးဒဏ်ကြောင့် ငါးနှစ် ပြည့်ရင် ရွှေမိုက်ပြန် ထုတ်ရပြီး အသစ်ပြန်လည် ကပ်လှူ ပူဇော်ရပါတယ်။ ရွှေမိုက်ထုတ်လို့ရတဲ့ ပမာဏ အများဆုံး ၃၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ရာသီဥတုဒဏ်နဲ့ လေလွင့်ဆုံးရှုံးတာတွေ များပါတယ်။ ဒီပမာဏ ဟာ ကုဋေပေါင်းရာချီပြီး တန်ဖိုးကြီးမားပါ တယ်” ဟု ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။

 

“နောင်မှာ တာရှည်ခံဖို့၊ လေလွင့်ဆုံးရှုံးမှု နည်းပါးစေဖို့ နည်းလမ်းရှာတဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော် ကာလတုန်းက မင်းတုန်းမင်းရဲ့ သမီးတော်တင်လှူခဲ့တဲ့ တစ်ပေပတ်လည် ခြောက်ကျပ်သားရှိတဲ့ ရွှေစင် ရွှေပြားကို တွေ့ရပါတယ်။ အဲဒါကို အနည်းငယ် သန့်ရှင်းလိုက်တာနဲ့ ပကတိရွှေစင်လိုပဲ အရောင်ဝင်းထိန်နေပါတယ်။ ဒါကို နမူနာယူပြီး တစ်ပေပတ်လည် ခြောက်ကျပ်သားရှိတဲ့ ရွှေပြားကြိတ် စက်ရုံကို ဂျပန်နိုင်ငံကနေ မှာယူပြီး ရွှေတိဂုံစေတီတော် ပရဝဏ်အတွင်း မှာ တည်ဆောက်ပြီး ရွှေစင်ရွှေပြားတွေ သွန်းခတ်နေပါပြီ။ ငှက်ပျောဖူးတော်ကနေ ကြာမှောက်ကြာလန်၊ ဖောင်းရစ် စသည်ဖြင့် တဖြည်းဖြည်းနဲ့ အောက်ခြေအထိ ကပ်လှူ ပူဇော်သွားမှာ ဖြစ်ပါတယ်။ ကပ်လှူပူဇော် ပြီးရင် နှစ်ပေါင်းရာချီခံမှာ ဖြစ်ပါတယ်။ နောက် စေတီတော်ရင်ပြင်မှာ ခင်းထားတဲ့ကျောက်ပြား တွေက ခေတ်ကာလအမျိုးမျိုးမှာ အလှူရှင်တွေ အပေါ်မူတည်ပြီး အဖြူရောင်၊ အညိုရောင်နဲ့ အနက်ရောင် မျိုးစုံဖြစ်တဲ့အတွက် ကျောက်ပြား တွေက နွေဆိုရင် မနင်းနိုင်ပါဘူး။ အဲဒါတွေကို ခွာပြီး နေပူခံအဖြူရောင် စကျင်ကျောက်ပြား စစ်စစ်ကို ရင်ပြင်တော်ကြီး တစ်ခုလုံးမှာ ကပ်လှူပူဇော် ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

 

စေတီတော်၏ ၂၀၁၉ ခုနှစ် ဘဏ္ဍာငွေ စာရင်းချုပ်အရ မြန်မာငွေကျပ် ၉၀ ဘီလီယံခန့် နှင့် အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ရှိပြီး ဂျပန်ယန်းနှင့် ထိုင်းဘတ်တို့လည်းရှိကြောင်း သိရသည်။ အဆိုပါ ဘဏ္ဍာငွေများကို မြန်မာ့ စီးပွားရေးဘဏ်တွင် စနစ်တကျအပ်နှံထား ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ကြီး၏ လိုအပ်ချက်ကို နေ့စဉ်လစဉ် အလှူငွေဖြင့် ပြည့်မီကျော်လွန်အောင် သုံးစွဲနိုင်ကြောင်း သိရသည်။

 

05

 

ကျိုက်ထီးရိုးစေတီတော်မြတ်သည် မြန်မာနိုင်ငံတွင် ရက်ရှည်အကြာဆုံးသော ဘုရားပွဲ ကျင်းပသည့် စေတီတော်ဖြစ်ပြီး ဘုရားပွဲတော် ကာလမှာ ခုနစ်လဖြစ်သည်။ ကျိုက်ထီးရိုး စေတီတော်မြတ်သို့ ဘုရားဖူးရာသီအမြင့်ဆုံး အချိန်ကာလဖြစ်သည့် ဆောင်းရာသီတွင် ပြည်တွင်းပြည်ပဘုရားဖူး ဧည့်သည် သိန်းချီ လာရောက်လျက်ရှိသည်။ ထို့ကြောင့် ကျိုက်ထီးရိုးစေတီတော်မြတ်ကို သံဃမဟာ နာယကအဖွဲ့၏ သြဝါဒနှင့်အညီ ဘက်စုံပြုပြင် မွမ်းမံမှုများပြုလုပ်ခဲ့ရာ ယခုအချိန်တွင် အခမဲ့ တည်းခိုနိုင်ရေး စီစဉ်ပေးထားသည့်အပြင် ဆောင်းရာသီတွင် အနွေးပေးစနစ်နှင့် နွေရာသီ တွင် လေအေးပေးစနစ်တို့ကို စီစဉ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

 

“ဗုဒ္ဓသာသနာတော်ဟာ နိုင်ငံအတွက် ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတဲ့ဘာသာဖြစ်ပါ တယ်။ သံဃာတော်အပါး ငါးသိန်းကျော် အတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်းနှင့် ဆေးပစ္စည်း လေးပါးပြည့်စုံဖို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တွေကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ ပစ္စည်းလေးပါးထဲက ဆွမ်းနဲ့ပတ်သက်ပြီး ပြည့်စုံစေဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက ဦးစီးပြီး အလှူရှင် ဒါယကာ၊ ဒါယိကာမတွေရဲ့ ကောင်းမှုနဲ့ လောင်းလှူခြင်းဖြစ်ကြောင်း ပြောကြားလိုပါ တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းပြ သည်။

 

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်တိုင်း ဒေသကြီး ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သံဃာတော်အပါး ၁၈၀ဝ၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်၌ သံဃာတော်အပါး ၁၀ဝ၀ဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်လေဆိပ်၌ သံဃာ တော် အပါး ၂၀ဝ၀ဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တွေကို ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တွင် ကရင်ပြည်နယ် ဘားအံမြို့ လေယာဉ် ကွင်း၌ သံဃာတော်အပါး ၅၀ဝ၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့သည်။

 

ထာဝရငြိမ်းချမ်းရေးစေတီတော်

 

မြန်မာနိုင်ငံအတွက် အဓိက လိုအပ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်သန်၍ နေပြည်တော်၌ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ခဲ့ပြီး စေတီတော် ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။

 

နိုင်ငံတွင်းရှိ ကိုးကွယ်ရာ ဘာသာများကို ကူညီစောင့်ရှောက်ခြင်း

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်မှုတို့ကိုလည်း ကူညီ စောင့်ရှောက်ပေးလျက်ရှိသည်။ အဆိုပါ ဘာသာများ၏ နေ့ထူး နေ့မြတ်အခမ်းအနား များသို့လည်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက တက်ရောက်အားပေးသည်။

 

 

ဘာသာပေါင်းစုံချစ်ကြည်

 

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ဖြစ်သည့်အတွက် ဘာသာပေါင်းစုံချစ်ကြည် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ကို မြို့နယ်အဖွဲ့ ၁၂၁ ဖွဲ့၊ ခရိုင်အဖွဲ့ ၄၀ နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၁ ဖွဲ့၊ ဗဟိုအဖွဲ့တစ်ဖွဲ့ စုစုပေါင်း ၁၇၃ ဖွဲ့အထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ဘာသာပေါင်းစုံချစ်ကြည် ပူးပေါင်း ဆောင်ရွက်ရေးအနေဖြင့် လေးနှစ်တာ ကာလအတွင်း ညှိနှိုင်းဆွေးနွေးမှု အကြိမ်ပေါင်း ၂၅၀ ကျော် ပြုလုပ်နိုင်ခဲ့သည်။

 

ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆွေးနွေး

 

ဘာသာရေးကို အခြေခံသည့် လူမျိုးရေး ပဋိပက္ခ မဖြစ်ပွားရေး တားဆီးကာကွယ်နိုင်ခဲ့ သည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားစေရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီး RFP အဖွဲ့နှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက် သည့် Religion for Peace Forum ကို (၃)ကြိမ် ကျင်းပနိုင်ခဲ့သည်ကို တွေ့မြင်ရသည်။

 

ယင်းသို့ကျင်းပရခြင်းသည် ဘာသာ ပေါင်းစုံနှင့် လူမျိုးပေါင်းစုံအတွင်း ငြိမ်းချမ်းရေး၊ လူငယ်များအရေး၊ အမျိုးသမီးများကို အကာကွယ်ပြုရန်နှင့် ပြည်ထောင်စုကြီးဖွံ့ဖြိုး တိုးတက်ရန်ဆိုသည့် ရည်မှန်းချက် များနှင့် ကျင်းပခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အတိုင်း အတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

 

06

 

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးသည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ယဉ်ကျေးမှုကဏ္ဍတွင် အရေးပါ သည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့မှစတင်ကာ ယူနက်စကိုဝင်ရေး ဆောင်ရွက်ခဲ့ရာ စိန်ခေါ်မှု များစွာကို ဖြတ်ကျော်ခဲ့သည်။ ပုဂံဒေသသည် နှစ်ပေါင်းထောင်ချီသည့် ယဉ်ကျေးမှုအမွေ အနှစ်များရှိခြင်းကြောင့် ယင်းအမွေအနှစ် များကို ထိန်းသိမ်းရန် လိုအပ်သည်။

 

ပုဂံဒေသ ယူနက်စကိုဝင်ခဲ့

 

အမွေအနှစ်ဒေသတွင် မြို့ရွာများ ရောထွေးနေမှုသည် သမိုင်းရေစီးကြောင်းနှင့် အတူပါလာခဲ့သည့် ကိစ္စလည်းဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် ခေတ်သစ်မြို့ပြ ကျေးရွာများ ရောပြွမ်းနေသည့် အမွေအနှစ် ဒေသတစ်ခုဆိုရင်လည်း မှန်ပေသည်။ ထို့ကြောင့် ယူနက်စကို အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်ခဲ့ရပြီး အကောင်းဆုံး ညှိနှိုင်းနိုင်ခဲ့ခြင်း၏ အကျိုး ရလဒ်အဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ကျင်းပသည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးတွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသ စာရင်းဝင်အဖြစ် တရားဝင်သတ်မှတ်ခြင်းခံခဲ့ရသည်။ ယင်းမှာ ပုဂံသူပုဂံသားများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသား များ၏ အောင်ပွဲလည်း ဖြစ်သည်။ ပုဂံဒေသ ယူနက်စကိုဝင်ခဲ့ချိန်မှစတင်ကာ ပြည်တွင်း ပြည်ပဘုရားဖူးနေ့စဉ် ထောင်သောင်းချီ တိုးတက်လာလျက်ရှိသကဲ့သို့ ဒေသခံများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကြောင်း သိရသည်။

 

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး

 

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်ခဲ့သည့် အပြင် ရခိုင်ပြည်နယ်တွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေး နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

 

ယူနက်စကိုတင်သွင်းမည်

 

“မြောက်ဦးဒေသနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ အဆိုပြုလွှာမူကြမ်းကို ပေးပို့နိုင်ခဲ့ပါတယ်။ အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အပြည့်အစုံတင်ပြဖို့ ညှိနှိုင်းတဲ့အခါ ယူနက်စကိုဌာနချုပ်က သဘောတူခဲ့ပါတယ်။ မြောက်ဦးဒေသမှာရှိတဲ့ အလွန် သက်တမ်းရှည်ကြာလှတဲ့ အာနန္ဒစန္ဒြ ကျောက်စာကို ၂၀၁၈ ခုနှစ် ဇွန်လကတည်းက အာရှ-ပစိဖိတ်ဒေသအတွင်း ကမ္ဘာ့မှတ်တမ်း စာရင်းဝင်အဖြစ် တင်သွင်းနိုင်ခဲ့ပါတယ်။ ဒါဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် ဂုဏ်ယူစရာအောင်မြင်မှု မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ရွှေတိဂုံ စေတီတော် မြတ်ကြီးကို ယူနက်စကိုတင်သွင်း မှာဖြစ်ပြီး အဆိုပြုအမွေအနှစ်စာရင်းကို ယူနက်စကိုဌာနချုပ်သို့ တင်သွင်းထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းပြသည်။

 

ရှေးဟောင်းပစ္စည်းများ စုဆောင်းထိန်းသိမ်း

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သည် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ရှေးဟောင်းပစ္စည်းအမျိုးပေါင်း ၉၆၀ဝ ကျော်အတွက် ငွေကျပ် ၂၄၆၈ သိန်း ကျော် ချီးမြှင့်နိုင်ခဲ့ပြီး ရှေးဟောင်းပစ္စည်းလှူဒါန်းအပ်နှံသူ ၁၈ ဦးထံမှ မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ် ပစ္စည်းအရေအတွက် ၅၀ ကို စုဆောင်းထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို မူလကတည်းက သားစဉ် မြေးဆက်ထိန်းသိမ်း ထားသည်ဖြစ်စေ၊ တွေ့ရှိ ထိန်းသိမ်းထားသည်ဖြစ်စေ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်သို့ လာရောက် အပ်နှံမည်ဆိုပါက ရွှေဆိုလျှင် ကာလပေါက်ဈေး ပေးပြီး မူလဈေးနှုန်းအပြင် ပျူခေတ်လက်ရာ၊ ပုဂံခေတ်လက်ရာ၊ အင်းဝခေတ်လက်ရာ စသည့် ခေတ်အလိုက် အနုစိတ်လက်ရာတန်ဖိုးကို လည်း ထပ်ဆောင်းပေးလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်မှုကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ နယ်စပ်မှ ပြည်ပကို ယိုစီး သွားမှုသည်လည်း လျော့နည်းသွားပြီ ဖြစ်သည်။

 

“ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းရာမှာ ပြည်သူတွေ ပါဝင်လုပ်ဆောင် နိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်တွေပါဝင်တဲ့ ရှေးဟောင်းဝတ္ထုပစ္စည်းတွေ ကာကွယ် ထိန်းသိမ်းရေးဥပဒေနဲ့ ရှေးဟောင်းအဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတို့ကို အဆင့်ဆင့် လွှတ်တော်ကို တင်ခဲ့တဲ့အတွက် လွှတ်တော်က ၂၀၁၅ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါတယ်။ လက်တွေ့ဆောင်ရွက် နိုင်ဖို့ ၂၀၁၆ ခုနှစ်မှာ နည်းဥပဒေတွေကို ထုတ် ပြန် ပြဋ္ဌာန်းခဲ့ပါတယ်။ ရှေးဟောင်းအမွေ အနှစ်တွေကို ယဉ်ကျေးမှုဌာနသာမက ပုဂ္ဂလိက မြန်မာနိုင်ငံသားတွေကပါ ထိန်းသိမ်း ခွင့်ကိုလည်း တရားဝင်စောင့်ရှောက်ခွင့် ရသွားပြီဖြစ်ပါတယ်။ ပြတိုက်ဖွင့်ပြီး စောင့်ရှောက်လို့ရပါတယ်။ လိုအပ်တဲ့ မှတ်ပုံ တင်ခြင်းနဲ့ စာရင်းသွင်းခြင်း စတဲ့လုပ်ငန်း တွေကို ဝန်ကြီးဌာနကနေ ကူညီဆောင်ရွက် ပေးနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။

 

ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်

 

၂၀၁၆ ခုနှစ် သြဂုတ်လတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံဒေသတွင် စေတီပုထိုး သာသနိက အဆောက်အအုံ ပျက်စီးမှု အဆူ ၃၈၉ ဆူ ရှိခဲ့သည်။ ငလျင်ကြောင့် ပျက်စီးမှုများနှင့် စပ်လျဉ်း၍ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့်အတူ အနုစိတ်လက်ရာများကို ရှေးဟောင်းလက်ရာမပျက် ပြုပြင်မှုများ ဆောင်ရွက်ခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဆက်စပ်ဌာနများ နှင့် ချိတ်ဆက်ကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

ပြုပြင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “ပုဂံ ဒေသမှာရှိတဲ့ ဘုရားပုထိုးစေတီတွေကို ပြုပြင် ရာမှာ နိုင်ငံတော်ဘဏ္ဍာငွေကို မသုံးဘဲ ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ အလှူ ခံပြီးပြုပြင်မယ်လို့ ကတိပြုခဲ့တဲ့အတိုင်း ပြုပြင် ခဲ့ရာ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းကျော် ပြင်ဆင် ပြီးပါပြီ။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အားလုံးပြီး သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပျက်စီးမှုဖြစ်ပေါ် ခဲ့တဲ့ ၃၈၉ ဆူမှာ သဗ္ဗညုပုထိုးတော်ကြီး မပါပါ ဘူး။ ကွင်းဆင်းစစ်ဆေးတဲ့အခါ မူလအတိုင်း တည်ရှိနေတာ တွေ့ရပါတယ်။ ပြိုကျခြင်း၊ ပဲ့ကျခြင်းမရှိပါဘူး၊ ကျန်တဲ့ သာသနိက အဆောက်အအုံတွေ ပြုပြင်ရင်းနဲ့ သံသယ ရှိတာနဲ့ သဗ္ဗညုပုထိုးတော်ကြီးကို ခေတ်မီ တိုင်းတာတဲ့ စက်ကိရိယာတွေနဲ့ တိုင်းတာခဲ့ပါ တယ်” ဟု ပြောသည်။

 

e-Libraryစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သည် လက်ရှိတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို အများပြည်သူ အလွယ်တကူ သွားလာဖတ်ရှုနိုင်မည့်နေရာကို ပြောင်းရွှေ့ ဖွင့်လှစ်ရန်စီစဉ်လျက်ရှိပြီး အမျိုးသား စာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသား စာကြည့်တိုက် (နေပြည်တော်)ကို e-Library စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

 

“အခုလက်ရှိ စာကြည့်တိုက်က ကမ္ဘာအေးသီရိမင်္ဂလာလမ်းသွယ်ထဲမှာ ရောက်နေပါ တယ်။ လမ်းကျဉ်းပြီး ချောင်ကျပါတယ်။ မြန်မာနိုင်ငံဟာ စာကြည့်တိုက်ယဉ်ကျေးမှုနဲ့ ကင်းကွာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါ ပြီ။ စာကြည့်တိုက်ဆိုတာ စာအုပ်ငှားဖတ်တဲ့ နေရာ သက်သက် မဟုတ်ပါဘူး။ စာကြည့်တိုက် ဟာ သုတေသီတွေအတွက် သုတေသနပြုတဲ့ ဗဟိုဌာန၊ အဆင့်မြင့်ပညာရပ်တွေ M.A., M.Sc. ဘွဲ့၊ ပါရဂူဘွဲ့နဲ့ တခြားဘွဲ့လွန်ဘွဲ့တွေ ကျမ်း ပြုစုတင်သွင်းတဲ့အခါမှာ အချက်အလက် စုဆောင်းရတဲ့ဌာန၊ ကမ္ဘာမှာရှိတဲ့ အခြားစာကြည့်တိုက်ကြီးတွေနဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက် အပြန်အလှန်ဖလှယ် ရယူနိုင်တဲ့ စနစ်တွေနဲ့ စာကြည့်တိုက်ရဲ့ ကဏ္ဍက ကျယ်ဝန်းလှပါတယ်။ ပြည်သူတွေ၊ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူတွေ အတွက် အသိပညာဗဟုသုတတွေ ဖြန့်ဝေပေးတဲ့ဗဟိုဌာနကြီးလို့လည်း ပြောလို့ရပါတယ်။ ဒါကို ဖြည့်ဆည်းပေးဖို့အတွက် မြို့လယ်မှာရှိတဲ့ ကုန်သည်လမ်းကို ပြောင်းရွှေ့ဖို့ နိုင်ငံတော် ဘဏ္ဍာငွေ လုံလောက်အောင် ချပေးထားပါ တယ်။ ဒါကြောင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနကို တာဝန် ပေးပြီး နိုင်ငံတကာအဆင့်မီ စာကြည့်တိုက် ဖြစ်အောင် ပြုပြင်ခဲ့ရာမှာ ရာနှုန်းပြည့် နီးပါး ပြီးနေပါပြီ။ အဆောက်အအုံပိုင်းဆိုင်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြီး ဂျာမနီနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာဗိသုကာ ပညာရှင်တွေက လာရောက်ပံ့ပိုးတာရှိပါ တယ်”ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

 

စာကြည့်တိုက်ပိုင်းဆိုင်ရာတွင် ကုလသမဂ္ဂ ဌာနချုပ် စာကြည့်တိုက်တွင် ဒုတိယ စာကြည့် တိုက်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူး သည့် အငြိမ်းစားယူပြီး ပြန်လည်ရောက်ရှိ လာသည့် ဆရာမကြီးများက ကမ္ဘာ့အဆင့်မီစေရေး စာကြည့်တိုက်အခင်းအကျင်းများကို ဝိုင်းဝန်းကူညီ ပေးလျက်ရှိခြင်းကြောင့် လက်ရှိ တွင် စာကြည့်တိုက်ကို ဖွင့်လှစ်ရန်အသင့် ဖြစ်နေပြီ ဖြစ်သည်။

 

ရန်ကုန်တွင်ရှိသည့် စာကြည့်တိုက်နှင့် နေပြည်တော်တွင်ရှိသည့် စာကြည့်တိုက်ကို e-Library စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အပါအဝင် အခြား စာကြည့်တိုက်များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်ရေးအတွက် မကြာမီကာလတွင် e-Library စနစ်အကောင်အထည် ပေါ်လာမည်ဖြစ်သည်။

 

မြန်မာသမိုင်းမှန်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ချက်

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် တာဝန်ယူချိန်မှစတင်ကာ မြန်မာသမိုင်း အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသည် အနာဂတ်ကာလတွင် သမိုင်းအဖြစ်ကျန်ရစ်မည် ဖြစ်သည့်အတွက် သမိုင်းမှန်ကန်ရေးသည် အရေးပါလျက်ရှိသည်။ သမိုင်းမှန်ကန်မှသာ အနာဂတ်မျိုးဆက်သစ်များအနေဖြင့် မှန်ကန် သည့် သမိုင်းကြောင်းအပေါ် လေ့လာသုံးသပ်ပြီး အနာဂတ်ပြည်ထောင်စုကြီး ပိုမိုရှင်သန် တိုးတက်ကြီးပွားအောင် ကြိုးပမ်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သမိုင်းနှင့်ပတ်သက်ပြီး အလေးထားဆောင်ရွက်လျက်ရှိသည်။

 

ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ ပြုပြင် မွမ်းမံတည်ဆောက်နေမှုနှင့် စပ်လျဉ်း၍ “အမျိုးသားဇာတ်ရုံ (ရန်ကုန်)ဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံက နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ်နဲ့ လက်ဆောင်ပေးခဲ့တဲ့ အဆောက်အဦဖြစ်ပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ ခန့် ရှိသွားပြီဖြစ်ပါတယ်။ အဆောက်အအုံအတွင်းမှာ တပ်ဆင်ထားတဲ့ အသံစနစ်၊ အလင်းရောင်စနစ်၊ အအေးပေးစနစ် တို့ကအစ ပစ္စည်းတွေက ခေတ်မမီတော့ပါဘူး။ ဒါကြောင့် နိုင်ငံတကာအဆင့်မီဖို့ MoU အဆင့် လက်မှတ်ရေးထိုးပြီး တရုတ်ပညာရှင်တွေ ကနေ အမျိုးသားဇာတ်ရုံကြီးကို အသံပိုင်း ဆိုင်ရာ၊ အလင်းပိုင်းဆိုင်ရာ၊ ဇာတ်ခုံပိုင်းဆိုင်ရာ၊ လေအေးပေးခြင်းဆိုင်ရာ အပါအဝင် ထိုင်ခုံတွေ ကအစ ပြန်ပြင်နေပါပြီ။ ၂၀၂၁ ခုနှစ် နှစ်လယ် လောက်ပြီးမှာဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် နိုင်ငံတကာ အဆင့်မီ ဇာတ်ရုံတစ်ခု ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

 

နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် နိုင်ငံတကာအကြီးအကဲများ၏ ချစ်ကြည်ရေး ခရီးအဖြစ် လာရောက်သည့်အခါ အနုပညာ ဦးစီးဌာနက ဖျော်ဖြေတင်ဆက်မှုအပေါ် ဧည့်သည်တော်များက နှစ်သက်ကျေနပ်ပြီး အနုပညာဦးစီးဌာန၏ တင်ဆက်မှုတွေ အပေါ်မှာ ဂုဏ်ပြုချီးကျူးမှုများ ရှိခဲ့သည်။ နှစ်နိုင်ငံအကြား အနုပညာပူးပေါင်းဆောင်ရွက် ရေးကိစ္စများကိုလည်း MoU လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းလျက်ရှိသည်။ ထို့ပြင် အနုပညာအထက်တန်းကျောင်း (မန္တလေး)နှင့် အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(မန္တလေး)များရှိ ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက် ကိုလည်း ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သမျှ အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် အနုပညာကိုတန်ဖိုးထား မြေတောင် မြှောက်ပေးခဲ့သည့် အတွက် အနုပညာကျောင်းများမှ ကျောင်းသားသစ် စတင်ခေါ်ယူချိန်တွင် ကျောင်းမှ လက်ခံနိုင်သည့် ပမာဏထက် လေးငါးဆယ်ဆမက လျှောက်လွှာတင် လာခြင်းကို တွေ့ရသည့်အတွက် အနုပညာ ကျောင်းများတွင် စိတ်ဝင်စားသူ၊ သင်ကြားသူ ပမာဏမှာ သိသိသာသာ တိုးတက်အောင်မြင် လာကြောင်းသိရသည်။

 

နိုင်ငံသားတိုင်းလွတ်လပ်စွာ

 

ကိုးကွယ်ယုံကြည်ခွင့်ရရှိစေရေး

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သည် သာသနာရေးကဏ္ဍမှာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရရှိစေရေးနှင့် နိုင်ငံသားအများစုကိုးကွယ်ရာဖြစ်သည့် ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ရေး၊ ထွန်းကားပြန့်ပွားရေးတို့ကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် တာဝန် ရှိသူများက သက်ဆိုင်ရာသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်နှင့် ညှိနှိုင်းတိုင်ပင်ပြီး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

 

“နိုင်ငံတော်အစိုးရရဲ့ သာသနာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို တစ်ဖက်တစ်လမ်း ကနေ ကျေပွန်အောင် အကောင်းဆုံးကြိုးပမ်း ထမ်းဆောင်လျက်ရှိပါတယ်။ မတူကွဲပြားတဲ့ အခြားဘာသာဝင် များနဲ့လည်း ချစ်ကြည်စွာ ပူးပေါင်းပြီး ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား တွေရဲ့အကျိုးကို သယ်ပိုးနိုင်ဖို့အတွက် လိုအပ်တဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး ဆောင်ရွက်တဲ့ အခါမှာလည်း သိသာထင်ရှားတဲ့ အောင်မြင်မှု တွေ ရရှိနေပါတယ်။ နိုင်ငံတော်က အသိအမှတ် ပြုထားတဲ့ ဘာသာသာသနာအားလုံးကို တတ်နိုင်သမျှ ကူညီပါတယ်။ ဘာသာသာသနာ တွေ တစ်ခုနဲ့တစ်ခု ပဋိပက္ခမဖြစ်အောင်လည်း ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်းမှာ ထိန်းသိမ်း နိုင်ခဲ့ပါတယ်။ ဘာသာရေးကို အခြေခံတဲ့ အမုန်းစကားတွေ တားဆီးကာကွယ်ရေး ဥပဒေကြမ်း အဆင့်ဆင့်ကိုလည်း ကနဦးရေးဆွဲ ပေးပြီး ပြည်ထဲရေးဝန်ကြီးဌာနကို လွှဲပြောင်း ပေးထားတာ ရှိပါတယ်။ စွမ်းအားရှိသမျှ ထမ်းရွက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။

 

ယဉ်ကျေးမှုကဏ္ဍမှာ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ရေး၊ မျိုးဆက်သစ်အနုပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ ရိုးရာအကများ၊ ဇာတ်တော်ကြီးများကိုလည်း အများပြည်သူကြားမှာ စိမ့်ဝင်ပျံ့နှံ့နိုင်ရန် နယ်လှည့်ဖျော်ဖြေမှုများကို အခါအခွင့် သင့်တိုင်း ဆောင်ရွက်လျက်ရှိသည်။

 

ရုပ်သေးပညာရပ်ကိုအထူးဦးစားပေးထိန်းသိမ်း

 

“တစ်ဖက်ကလည်း မြန်မာ့အနုသုခုမဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွေကိုလည်း ပုံမှန် ကျင်းပပေးလျက်ရှိပါတယ်။ တိမ်ကော ပျောက်ကွယ်သွားနိုင်တဲ့ မြန်မာ့ရိုးရာရုပ်သေး ပညာရပ်တွေကို အထူးဦးစားပေးတစ်ရပ် အနေနဲ့ ထိန်းသိမ်းကြိုးပမ်းလျက်ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဆရာဆရာမတွေကို ဝန်ကြီးဌာနက တာဝန် ယူပြီး အခြေခံကဗျာလွတ်အက သင်ကြား ပေးမှုကိုလည်း နှစ်စဉ်ပြုလုပ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေကို နောင်နှစ်ပေါင်း များစွာ တည်တံ့နိုင်စေရေးထိန်းသိမ်းတယ်၊ ရှာဖွေဖော်ထုတ်တယ်။ ပြည်တွင်းပြည်ပ သုတေသီတွေနဲ့ စိတ်ပါဝင်စားသူတွေ ပူးပေါင်း ပါဝင်ပြီး ထိန်းသိမ်းတာတွေ၊ စုစည်းတာတွေ ကိုလည်း လုပ်နေပါတယ်။ ရရှိလာတဲ့အကျိုး အမြတ်တွေကိုလည်း စီးပွားရေးလုပ်ငန်း အရင်းအမြစ်သဖွယ် ပေါ်ပေါက်လာစေဖို့ အတွက် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး က ရှင်းပြသည်။

 

ပုဂံဒေသကို ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖြစ်ပြီးနောက်ပိုင်း သဘာဝဘေး အန္တရာယ် ဖြစ်လာမည်ဆိုပါက ကြိုတင်ပြင်ဆင်ထားမှုများနှင့်စပ်လျဉ်း၍ “သဘာဝဘေး အန္တရာယ်တွေကတော့ အနည်းနဲ့အများဆိုသလို ဖြစ်နေတာပါ။ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောပေါ်မှာ ရှိတဲ့အတွက် ငလျင်ဒဏ်ကိုခံရတဲ့နေရာ ဖြစ်ပါ တယ်။ ပုဂံခေတ်ကတည်းက ငလျင်ဒဏ်ခံရ တာဟာ မျက်မှောက်ခေတ်မှာ ငလျင်ဒဏ်ခံရ မှုက အထင်ရှားဆုံးကတော့ ၁၉၇၅ ခုနှစ်က လှုပ်ခဲ့တဲ့ငလျင်နဲ့ ၂၀၁၆ ခုနှစ်မှာ လှုပ်ခဲ့တဲ့ ငလျင်တို့ဖြစ်ပါတယ်။

 

၁၉၇၅ ခုနှစ် ငလျင်မှာ ဘုရားပုထိုးစေတီ အများအပြားထိခိုက်မှုရှိခဲ့ သလို ၂၀၁၆ ခုနှစ် ငလျင်မှာလည်း ဘုရားပုထိုး စေတီပေါင်း ၃၈၉ ဆူ ရှိခဲ့ပါတယ်။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့အတွက် ၂၀၁၄ - ၂၀၁၅ ကတည်းကစပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါကလည်း ယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့နိုင်အောင်လို့ ဖြစ်ပါတယ်။ လူသားအားလုံးက လေးစားလိုက်နာပြီး အားလုံး ထိန်းသိမ်း စောင့်ရှောက်နိုင်တဲ့ ကမ္ဘာ့အဆင့်ရောက်အောင် ကမ္ဘာ့အမွေအနှစ်စာရင်းကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ လုပ်ငန်း ဆောင်ရွက်နေစဉ်ကာလဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ ၆ ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်ခဲ့ပါတယ်။ ဘုရားပုထိုး စေတီပေါင်း ၃၈၉ ဆူရှိခဲ့တဲ့အတွက် ဒေသခံ တွေ၊ ခရိုင်၊ မြို့နယ်နဲ့ သက်ဆိုင်ရာဌာနတွေ၊ ပရဟိတအဖွဲ့တွေ၊ ပညာရှင်တွေ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါတယ်။ ဖြစ်ပွား ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်တွေကို နမူနာယူပြီး စနစ်တကျပြန်လည်ထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယသမ္မတ(၂) ဦးဆောင်တဲ့ ဗဟိုကော်မတီနဲ့ နယ်ပယ်စုံက ပညာရှင်တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ကိုလည်း ဖွဲ့စည်းပြီး ထိန်းသိမ်းမှုတွေကို စနစ်တကျ ဆောင်ရွက်ခဲ့ပါတယ်။ အခုထိခိုက်မှုကြောင့် ပျက်စီးတာကို ပြုပြင်ရုံသာမကဘဲ နောင် ဖြစ်လာမယ့် ဘေးအန္တရာယ်တွေအတွက်ပါ ကြိုတင်ခန့်မှန်းပြီး ပြည်တွင်းပြည်ပ ပညာရှင် တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင် ကျော်က ပြောသည်။

 

07

 

မြန်မာ့သနပ်ခါး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး

 

မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး တင်သွင်းရန်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ညွှန်ကြား ရေးမှူး ဦးသန်းဇော်ဦးက “၂၀၁၈-၂၀၁၉ မှာ သနပ်ခါးနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုး၊ ယူနက်စကိုနဲ့ပတ်သက်တဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်လလောက်က မြန်မာနိုင်ငံ သနပ်ခါးညီလာခံကို မုံရွာမြို့မှာ ကျင်းပပြီး အထူးသဖြင့် သနပ်ခါးကို မှတ်ပုံတင်ခြင်းတို့နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ ပြီးခဲ့တဲ့နှစ်လလောက်က သနပ်ခါးပွဲတော်ကို မုံရွာမြို့မှာ ကျင်းပပြီး မြန်မာ့သနပ်ခါးအဖွဲ့နှင့်အတူ ပူးပေါင်းပြီး သနပ်ခါးနဲ့ ပတ်သက်တဲ့ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းနိုင်ဖို့ ပြင်ဆင် ဆောင်ရွက်ခဲ့ပါတယ်။

 

သနပ်ခါးကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းတဲ့လုပ်ငန်း ဟာ တကယ်တော့ ရေးသားမှုလုပ်ငန်းလည်း လုပ်ရသလို၊ စီမံခန့်ခွဲမှုအစီအစဉ်တွေကိုလည်း ဆောင်ရွက်ရပါတယ်။ လူမှုအဖွဲ့အစည်းတွေ အတူတကွ လက်တွဲဆောင်ရွက်ရတဲ့ လုပ်ငန်း တွေဖြစ်တဲ့အတွက် ဌာနခွဲ၊ ဌာနစုများရဲ့ ပြတိုက်တွေမှာ သနပ်ခါးကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမှုလုပ်ငန်းနဲ့ ဆက်စပ်ပြီး လူတန်းစားအသီးသီး ပူးပေါင်းပါဝင်အကြံပြု နိုင်ဖို့ လုပ်ငန်းဆောင်တာတွေ၊ အကြံဉာဏ် ပေးမှု၊ ဖိတ်ခေါ်မှုတွေ ဆောင်ရွက်ထားပါတယ်” ဟု ရှင်းပြသည်။

 

မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် သနပ်ခါးကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းမှုလုပ်ငန်းစဉ် အဖြစ် နိုင်ငံအတွင်းရှိ ယဉ်ကျေးမှုပြတိုက်များ၊ အမျိုးသားပြတိုက်များ၊ ရှေးဟောင်းသုတေသန ပြတိုက်များတွင် Quick Response(QR) Codescan ဖတ်၍ သနပ်ခါးအသုံးပြုမှုဆိုင်ရာ ဆန်းစစ်ချက်ပုံစံတွင် ပါဝင်ဆန္ဒပြုမှတ်တမ်း များ ရေးသားစေခြင်းဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုအမွေအနှစ်အား ယူနက်စကိုသို့ တင်ပြနိုင်ရေး ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။

 

ကြေးမုံ