သာမညဖလ အခါတော်နေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရားပုထိုးစေတီများ၌ ကုသိုလ်ပြုကြသူများ စည်ကားများပြား

ရန်ကုန်  ၁၁   နိုဝင်ဘာ

 

မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန် တရားတော်ကို ဟောကြားတော်မူခဲ့ရာမှ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်။

 

သာမညဖလ၏ အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပာယ်ရသည်။ ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားတော်မူသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာတော်များနေ့ဟုလည်း ခေါ်ဆိုကြသည်လည်းရှိသည်။

 

ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ အခမ်းအနားများကို ရင်ပြင်တော်ရှိ သတ်မှတ်ထားသော နေရာအသီးသီးတို့၌ ကျင်းပကြရာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို နံနက် ၄ နာရီတွင် ရင်ပြင်တော် ရာဟုထောင့်အောင်မြေမှစတင်ကာ ကပ်လှူပူဇော်မည့် မသိုးရွှေကြာသင်္ကန်းများကို ရွှေတိဂုံစေတီတော် ရင်ပြင်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များက စေတီတော်နှင့် တန်ဆောင်းအသီးသီးရှိ ဗုဒ္ဓရုပ်ပွားတော်များ၌ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ကပ်လှူပြီး စေတီတော်ဩဝါဒါစရိယဆရာတော်များနှင့် သံဃာတော်များအား ရောင်တော်ဖွင့်တန်ဆောင်း၌ နံနက်အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း  အမျှပေးဝေကြသည်။

 

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်၏ ၂၂ ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ ညပိုင်းတွင် ကျင်းပခဲ့ကာ ပြိုင်ပွဲတွင် ဆုရရှိကြသည့် စင်တော်များအား ဂေါပကအဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ကြပြီး ယနေ့ လပြည့်နေ့ နံနက်ပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးအသင်းအဖွဲ့များက ကပ်လှူပူဇော်မည့် မသိုးရွှေကြာသင်္ကန်းများကို စေတီတော်ရင်ပြင်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။

 

ထို့နောက် အာရုံခံတန်ဆောင်းအပေါ်ထပ်၌ တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခမ်းအနားကို ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးအသင်းအဖွဲ့များက ဆက်လက်ကျင်းပကြသည်။

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ ၃၇ ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် အလှူရှင်များအား ထုတိမင်္ဂလာဂုဏ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၄ နာရီခွဲတွင် စေတီတော်ရာဟုထောင့်ရှိ ဆိပ်ကမ်းဓမ္မာရုံ၌ကျင်းပပြီး ညပိုင်းတွင် စေတီတော်အား ဆီမီး ၂၇၀ဝ၀ ဖြင့် ထွန်းညှိ ပူဇော်ကြသည်။

 

သမိုင်းဝင် အပရာဇိတဆံတော်ရှင်  ကျိုက်ဝိုင်းစေတီတော် ရင်ပြင်အရှေ့ဘက်ရှိ ဘုရားသုံးဆူ အာရုံခံတန်ဆောင်း၌ နံနက်အရုဏ်တက်တွင်စေတီတော်မြတ်ကြီးအား သစ်သီးဆွမ်းတော်ကြီးကပ်လှူ ပူဇော်ပြီး နံနက် ၆ နာရီခွဲတွင် အောင်ဓမ္မာရုံ၌ ဂေါပက အဖွဲ့က ကြီးမှူးပြီး သာမလဖလအခါတော်နေ့ အခမ်းအနားကို ကျင်းပရာ ဝတ်အသင်း အဖွဲ့ ၇ ဖွဲ့က ရဟန်းပြုခြင်းအကျိုးနှင့်ပတ်သက်သည့် သာမညဖလအခါတော်နေ့ သုတ္တန် ဝတ်ရွတ်စဉ်များကို ရွတ်ဖတ်ပူဇော်ကြသည်။

 

နံနက် ၁၀ နာရီခွဲတွင် အောင်ဓမ္မာရုံ၌  ဖြူးကျောင်းဆရာတော် က သီလပေးတရား ချီးမြှင့်ပြီး ညပိုင်းတွင် စေတီတော်ကြီးအား ဆီမီး ၁၁၀ဝ၀ ထွန်းညှိပူဇော်ကြသည်။

 

တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော်ယာဉ်များ ၊ ဆိုက်ကားများဖြင့် ဘုံကထိန်များလှည့်လည်ခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ ကျင်းပခြင်း၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် များကျင်းပခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ တန်ခိုးကြီးဘုရားစေတီများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ ညပိုင်းတွင် ဘုရားများ၊ ရုံးများ၊ အိမ်များ၊ လမ်းများ၌ ဆီမီးများ၊ လျှပ်စစ်မီးများ ထွန်းညှိ ပူဇော်ကြခြင်း စသည့် ကုသိုလ်ကောင်းမှုဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည့် မြန်မာတို့၏ ချစ်စရာဓလေ့ကို ယနေ့တန်ဆောင်မုန်းလပြည့် နေ့တွင် ကြည်နူးဖွယ် တွေ့ရသည်။

 

သတင်း-ရီရီမြင့်၊

 

ဓာတ်ပုံ-ဇော်မင်းလတ်