သာစွဌာနီ ကန္ဒရဝတီ

articles_advs

ဆန်းနွေဦး

 

ကယားပြည်နယ်၌ ကယားတိုင်းရင်းသား ကိုးမျိုးတို့အပြင် ဗမာ၊ ရှမ်း၊ ကရင်၊ ပအိုဝ်း၊ အင်းသား စသည့်တိုင်းရင်းသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။ ဇန်နဝါရီ ၁၅ ရက်ကို ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တိုင်းရင်းသားများ ရင်းနှီးချစ်ကြည်စွာဖြင့် အခမ်းအနားကို နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၆၈)နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

 

ကယားပြည်နယ်

 

ကယားပြည်နယ်၌ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၈၆၆၂၇ ဦးရှိသည်းခရိုင်နှစ်ခု၊ မြို့နယ်ခုနစ်ခုနှင့် မြို့သုံးမြို့ဖြင့် ဖွဲ့စည်းထားသည်။ ခရိုင်နှစ်ခုမှာ လွိုင်ကော်ခရိုင်နှင့် ဘော်လခဲခရိုင်တို့ဖြစ်သည်။ လွိုင်ကော်ခရိုင်တွင် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် နမ့်မယ်ခုံမြို့၊ လွိုင်လင်လေးမြို့တို့ ပါဝင်သည်။ ဘော်လခဲခရိုင်တွင် ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စုံမြို့နယ်နှင့် ရွာသစ်မြို့တို့ ပါဝင်ကြသည်။ ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး ပြည်နယ်ခုနစ်ခုအနက် အသေးငယ်ဆုံးဖြစ်သည်။ ဧရိယာ ၄၅၂၉ ဒသမ ၅၆ စတုရန်းမိုင် ရှိသည်။ ပြည်နယ်အတွင်း ကယားမျိုးနွယ်စု တိုင်းရင်းသားကိုးမျိုးဖြစ်သော ကယား၊ ကယန်း(ပဒေါင်)၊ ယင်းဘော်၊ ဂေခို၊ လထာ(ဇယိမ်း)၊ ကာ၊ ဂေဘား၊ ယင်းတလဲနှင့် မိုနု(မနုမနော)တို့အပြင် အခြား တိုင်းရင်းသားများဖြစ်သော ရှမ်း၊ ဗမာ၊ ပအိုဝ်း၊ ကရင် အင်းသား လီရှာတို့လည်း ပျံ့နှံ့နေထိုင်ကြသည်။

 

ရာဇဝင်သမိုင်း

 

ရာဇဝင်ထဲမှ ကယားပြည်နယ်ဟု ဆိုလိုက်လျှင် ငွေတောင်ပြည်နှင့် ဒွေးမယ်နော်ကို သတိရတတ်ကြသည်။ ကယားပြည်နယ်သူ ပြည်နယ်သားများသာမက ပြည်ထောင်စုတိုင်းရင်းသားများ အားလုံး ဒွေးမယ်နော်ကို သိကြသည်။ ရှေးပဝေသဏီကပင် လူကြီးသူမတို့က သားစဉ်မြေးဆက် ပြောစမှတ်ပြုခဲ့ကြသည့် ဒွေးမယ်နော်နှင့် ညီအစ်မခုနစ်ဖော် ရေကစားခဲ့ကြသော ကန်ခုနစ်ဆင့်သည်လည်း ယနေ့ထက်တိုင် တည်ရှိနေသည်။ ဘေးနားတွင် ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်တို့လည်း ယခုထိရှိသဖြင့် ဒွေးမယ်နော်သည် ချစ်စရာဒေသခံ ငွေတောင်သူကလေးဟု ယုံကြည်ကြသည်။

 

ဒွေးမယ်နော်နှင့် သုဓနုမင်းသားတို့ အချစ်ဇာတ်လမ်းကို နဝဒေးကြီး၏ မနော်ပျို့နှင့် ဝန်ကြီးပဒေသရာဇာ၏ သူဇာပျို့တို့တွင် ရေးဖွဲ့ခဲ့သလို ကုန်းဘောင်ခေတ် ဆင်ဖြူရှင် မင်းတရားလက်ထက် အမတ်ပညာရှိ ရွှေတောင်နန္ဒသူကလည်း ငွေတောင်ရတုရကန်ကြီးတစ်ပုဒ် ရေးဖွဲ့ခဲ့သည်။ မြန်မာစာပေအနုပညာတွင် ဒွေးမယ်နော်ဝတ္ထု၊ ပြဇာတ်၊ ရုပ်သေးတို့သည် အထင်အရှားရှိသလို ဇင်းမယ်ပဏ္ဏာသ ကျမ်းလာ မဟာသုဓနုဇာတ်လည်း ရှိသည်။ ။

 

ဆာ-ဂျော့စကော့(George Scott) ရေးသားသော အထက်မြန်မာပြည်မှတ်တမ်း (Upper Burma Gazetteer) အရ ပဉ္စမမြောက် ကရင်နီမင်း ဘိုဖြူလှလက်ထက်တွင် မွန်မြန်မာ မင်းမျိုးမင်းနွယ် မောင်မောင်ဖုန်းနှင့် နောက်လိုက်များအား ပွန်ချောင်းအရှေ့ဘက် စောလုံမြို့တွင် ဟော်နန်းစိုက်စေ၍ နယ်မြေသတ်မှတ်ပေးခဲ့သည်၊ ကန္ဒရဝတီ၊ ဘော်လခဲ၊ ကြယ်ဖိုးကြီး၊ နောင်ပုလဲ၊ နမ့်မယ်ခုံ၊ ငွေတောင်ပြည်တို့ဖြင့် ပိုင်းခြားအုပ်ချုပ်ခဲ့ကြသည်ဟုဆိုသည်။ (ယနေ့ထက်တိုင် စောလုံမြို့ဟောင်း၊ စေတီ၊ အုတ်ဂူတို့ တည်ရှိသည်)။

 

ကယားတိုင်းရင်းသားများသည် ရှေးမြန်မာဘုရင်များနှင့် သာမန်အဆက်အသွယ်သာမက စစ်ရေး၊ အုပ်ချုပ်ရေးတို့တွင်လည်း ပါဝင်ခဲ့ကြသည်။ ရှေးမြန်မာဘုရင်များဖြစ်သော ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့လက်ထက် ယိုးဒယား(ထိုင်း)နှင့် မဏိပူရသို့ စစ်ချီရာတွင် ကယား အမျိုးသားတပ်များ ပါဝင်ခဲ့ကြသောကြောင့် “ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာတဲ့ပေဖူးလွှာ ဘာစာတဲ့မေး၊ မေးပါနဲ့အေ၊ ယိုးဒယားငယ်နဲ့၊ ကုလားကိုစစ်ချီတော့၊ ကရင်နီအောင်တပ်က၊ ဆံဖြတ်မောင်စီလို့ရေး၊ လွမ်းစာတဲ့လေး” ဟူသော အလွမ်းဘွဲ့များ ကျန်ရစ်ခဲ့ပေသည်။ ။

 

မင်းတုန်းမင်းလက်ထက်တွင် မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားနှစ်ပါး အရေးတော်ပုံသင့်၍ နမ့်မယ်ခုံအရပ်သို့ ခိုလှုံဝင်ရောက်လာမှုကိုလည်း တိုက်ထုတ်ပေးခဲ့ကြသည်။ ထို့ပြင် မင်းတုန်းမင်းတရားလက်ထက် ကယားအမျိုးသား ခေါင်းဆောင် စော်ဘွားကြီး(စောဖျာ) စောလဖော်ကို “ပဗ္ဗတသီဟရာဇာ”ဘွဲ့အပ်နှင်း၍ ကန္ဒရဝတီမြို့ကို စားစေခဲ့သည်။ (ကန္ဒရဝတီမြို့ဝင် ကျွန်းကမ္ပည်းတိုင်အား ယနေ့တိုင် စိုက်ထူထားရှိသည်)။ စောလဖော်သည် ၁၈၈၅ခုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့က တစ်ပြည်လုံးကို သိမ်းပိုက်ပြီး၍ အားမတန်သည့်တိုင်အောင် မာန်မလျှော့ဘဲ ၁၈၈၇ - ၈၈ ခုနှစ်တိုင် ခုခံတွန်းလှန်ခဲ့ပြီး နောက်တွင်မှ လွိုင်ကော်မြို့ကိုတည်ထောင်သူ ဦးသီရိနှင့်အတူ ယိုးဒယား(ထိုင်း) နယ်ဘက်သို့ တိမ်းရှောင်ခဲ့ရသည်။ ။

 

နယ်ချဲ့ တို့၏ သွေးခွဲအုပ်ချုပ်မှု ပရိယာယ်

 

နယ်ချဲ့တို့သည် အထက်မြန်မာပြည်ကို မသိမ်းပိုက်မီ တိုင်းရင်းသားများအကြား သွေးကွဲစေရန်နှင့် အင်အားချည့်နဲ့စေရန် ရည်ရွယ်ပြီး ခရစ်နှစ် ၁၈၇၅ ခုနှစ် ဇွန် ၂၁ ၂ ရက်တွင် မြန်မာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် အိန္ဒိယ ဘုရင်ခံချုပ် ကိုယ်စားလှယ် ဆာဒေါက္ကလပ်(စ်) ဖော်ဆသ် တို့အား လက်မှတ်ရေးထိုးစေ၍ ကရင်နီပြည်နယ်ကို ကန့်သတ် သီးသန့် လွတ်လပ်စွာ နေထိုင်ခွင့်ပေးခဲ့သော် လည်း ကန္ဒရဝတီစော်ဘွား (စောဖျာ) များကို “ဆာနဒ်”ဥပဒေ ပြဋ္ဌာန်းချက် ၁၂ ချက်ဖြင့် ဗြိတိသျှတို့အလိုကျ ချုပ်ချယ်ခဲ့ကြသည်။ အမတ်ကြီး ဦးနီ စတင်တည်ထောင်ခဲ့သော လွိုင်ကော်ဈေးကို သိမ်းပိုက်ခြင်း၊ မော်ချီးမိုင်းကို လက်ဝါးကြီးအုပ်ခြင်း၊ သစ်တောကြီးများမှထွက်ရှိသော ကျွန်းများကို သံလွင်မြစ်ကြောင်းဖြင့် မျှောချသယ်ယူခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

 

ကယားပြည်နယ်နှင့် ကယားပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ပြည်နယ်နှင့်တိုင်းများ ဖွဲ့စည်းတည်ထောင်ရ၌ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကရင်နီပြည်နယ်တွင် “ကရင်နီ” အစား "ကယား"အဖြစ် ပြောင်းလဲခေါ်ဆိုရန် ကယားအမျိုးသား ခေါင်းဆောင်များက ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီ ၉ ရက်က ကျင်းပသော မြန်မာနိုင်ငံ တိုင်းပြုပြည်ပြုလွှတ်တော် ဒသမ ညီလာခံအစည်းအဝေး၌ အဆိုတင်သွင်းခဲ့သည်။

 

ထို့ကြောင့် ၁၉၅၀ ပြည့်နှစ် မတ် ၁ ရက် နေ့စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ တရားဌာန(ဥပဒေပြဌာနခွဲ) က ကရင်နီပြည်နယ် အထူးစုံစမ်းရေးကော်မရှင်ကို စဝ်ခွန်ချို၊ ဗိုလ်ခင်မောင်ကလေး၊ ဦးတင်၊ ဒူးဝါးဇော်လွန်း၊ စောတင်ဘွား၊ သတိုးမဟာသရေစည်သူ ဦးချန်ထွန်း၊ မဟာသရေစည်သူ ကပ္ပတိန် မန်းတုံးနှီး မဟာသရေစည်သူ ဦးစိန်၊ ဦးမြင့်ထူး၊ ဦးဖိုးလတ်တို့ ၁၀ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။

 

ထိုကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် တွေ့ရှိချက်များကို ဦးစံထွန်းအောင်၊ ဝန်ကြီးမန်းဘခိုင်၊ ဝန်ကြီး စဝ်ဝဏ္ဏ၊ ဗိုလ်ခင်မောင်၊ ဗိုလ်ကျော်သန်း၊ ဝါဘော်ဇော်ရစ်၊ တောင်ပိုင်းစော်ဘွားကြီး၊ ကပ္ပတိန် မန်းတုံးနုံး ဦးသန်းညွန့်၊ စောအောင်ပ၊ စောဘရင်၊ စောဂျွန်ဆင် ဒီဖိုးမင်း၊ ဆရာ ဆာထူး၊ ဦးစိန်၊ နိုင်ငံတော်ရှေ့နေချုပ်နှင့် အတွင်းရေးမှူး ဦးနန်းနွယ်တို့ ၁၆ ဦး ပါဝင်သည့်ကော်မရှင်က စစ်ဆေးခဲ့ပြီး ၁၉၅၁ ခုနှစ်အောက်တိုဘာ ၅ ရက်တွင် ကျင်းပသော တိုင်းပြု ပြည်ပြုလွှတ်တော်(ပါလီမန်) စတုဒဿညီလာခံ၌ အမည်ပြောင်းရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

 

ကယားတိုင်းရင်းသားများနှင့် ကယားအမျိုးသား ခေါင်းဆောင်များ၏ ကြိုးပမ်းအောင်မြင်မှုကို ဂုဏ်ပြုသည့် အနေဖြင့် ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ စတင်ကာ ကရင်နီပြည်နယ်အစား ကယားပြည်နယ်ဟု အမည်ပြောင်းလဲ သတ်မှတ်ခေါ်တွင်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် ကယားပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ကြသည်။

 

mdn

 

ယနေ့တိုင်းရင်းသားရေးရာ

 

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို အဓွန့်ရှည်စွာ ထိန်းသိမ်းနိုင်ရေးနှင့် ဆက်လက် ဖွံ့ဖြိုးတိုးတက် ပြန့်ပွားရေးကို အစဉ်တစိုက်ဆောင်ရွက်နိုင်စေရန် လွိုင်ကော်မြို့ နောင်ယားကန်အနီး၌ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီများအတွက် မြေနေရာချထားပေးပြီး ထောက်ပံ့ကူညီပေးလျက်ရှိရာ ယနေ့အထိ တိုင်းရင်းသားကော်မတီ ၁၁ ဖွဲ့တို့၏ ရုံးအဆောက်အအုံ တည်ဆောက်ပြီးစီး၍ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေကြပြီဖြစ်သည်။ ကယားတိုင်းရင်းသား (ကယား၊ ကယန်း၊ ကယော၊ မနုမနော၊ ဂေဘား၊ ယင်းတလဲ) စာပေခြောက်မျိုးဖြင့် ပြုစုထားသော ဒေသ သင်ရိုးညွှန်းတမ်း G1 G2 G3 များကို အတည်ပြုပြဋ္ဌာန်း၍ ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင်တိုင်းရင်း သား ဆရာ ဆရာမ ၄၄၆ ဦးဖြင့် ကယား၊ ကယော၊ ကယန်း၊ ဂေဘား၊ ရှမ်း၊ ကရင်၊ လီဆူး တိုင်းရင်းသားစာပေများကို လက်ရှိသင်ကြားပြသပေးလျက်ရှိသည်။

 

ကယားပြည်နယ်မှ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီး မိမိနေရပ်ဇာတိသို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်တိုင်းရင်းသားများ သုံးကြိမ်ရှိခဲ့ရာ ပထမအကြိမ်၇-၅-၂၀၁၈ ရက်နေ့တွင် အိမ်ထောင်စု ငါးစု၊ လူဦးရေ ၂၀ အား လည်းကောင်း၊ ဒုတိယအကြိမ် ၂၁-၂-၂၀၁၉ ရက်နေ့တွင် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၅၉ ဦးကို လည်းကောင်း၊ တတိယအကြိမ် ၂-၇-၂၀၁၉ ရက်နေ့တွင် ပြည်သူ ၂ ဦးအားလည်းကောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ကယား ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးကော်မတီအဖွဲ့မှ လက်ခံကြိုဆိုခြင်း၊ အားပေးစကားပြောကြားပြီး နေရပ်ပြန်ပြည်သူများအား ပြန်လည် နေရာချထားပေး၍ လိုအပ်သည်များ ကူညီခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့

 

ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏ မူဝါဒနှင့်အညီ ကယားပြည်နယ် အစိုးရအဖွဲ့သည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေး ကျင့်သုံး၍ တိုင်းရင်းသား ပြည်သူများ တည်ငြိမ်အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင် ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ။

 

ဤသို့ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ လက်တွဲပြီး နားလည်မှုရှိစွာ ဆောင်ရွက်ခဲ့၍ ငြိမ်းချမ်းရေးအကျိုးရလဒ်နှင့်အတူ ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ ရရှိနေသောကြောင့် အာဆီယံအသန့်ရှင်းဆုံးမြို့ဆုကို လွိုင်ကော်မြို့က ရရှိ ခဲ့ပြီးဖြစ်သည်။

 

လွိုင်ကော်မြို့ ကန္ဒရဝတီပွဲတော်ကွင်း၌ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သောကယားပြည်နယ်နေ့ အခမ်းအနား ကို ၂၀၂၀ ပြည့်နှစ်တွင်လည်း (၆၈)နှစ်မြောက် ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်များအတိုင်း ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်အထိ ၁၀ ရက်တိုင်တိုင် ပြခန်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာ အားကစားပြိုင်ပွဲများ၊ ထိုင်းကုန်စည်ပြပွဲများ၊ ပျော်ပွဲရွှင်ပွဲ ဇာတ်သဘင်နှင့် အငြိမ့်ပွဲများ၊ ကန္ဒရဝတီမောင်/မယ်ပြိုင်ပွဲ များ၊ ဈေးဆိုင်ခန်းများ၊ နိုင်ငံကျော်အဆိုတော်များ ပါဝင်သည့် စတိတ်ရှိုးပွဲများ၊ မြန်မာ့ရိုးရာလက်ဝှေ့နှင့် အခြားအားကစားပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြပါရန် ဖိတ်မန္တကပြုလိုက်ရပါသည်။ ။

ကိုးကား ၁၉၇၁ ခုနှစ် ကယားပြည်နယ်ဦးစီးအဖွဲ့မှ ထုတ်ဝေသော သမိုင်းဝင်စာတမ်းများနှင့် ကယားပြည်နယ်

မြန်မာ့အလင်း