ရုရှားနျူကလီးယားရေပေါ် ဓာတ်ပေါင်းဖိုသင်္ဘောကြီး ဆိုက်ဘေးရီးယားဒေသသို့ စတင်ခုတ်မောင်းမည်

မော်စကို၂၄ သြဂုတ်

ကမ္ဘာ့ပထမဆုံး နျူကလီးယားရေပေါ်ဓာတ်ပေါင်းဖိုသ င်္ဘောကြီးကို ရုရှားအစိုးရက အနောက်မြောက်ပိုင်းရှိ မာမန့်စ်ခ် ဆိပ်ကမ်းမြို့မှ ဆိုက်ဘေးရီးယားဒေသသို့ ခုတ်မောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုက်ဘေးရီးယားဒေသတွင် အဆိုပါသင်္ဘောကြီးအား ထားရှိခြင်းသည် အလွန်အန္တရာယ်များကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပုဂ္ဂိုလ်များက သတိပေးပြောကြားခဲ့သည်။

ရုရှားအစိုးရက အဆိုပါဒေသတွင် ဟိုက်ဒရိုကာဗွန်ဓာတ်ပေါင်းများ အပြည့်အဝ အသုံးချမှုကြောင့် လောင်စာဆီဖူလုံမှုရှိစေရန် ရည်ရွယ်ပြီး နျူကလီးယား ရေပေါ်ဓာတ်ပေါင်းဖိုသင်္ဘောကြီးကို ထားရှိခြင်းဖြစ်သည်။ ယခုနှစ်နှောင်းပိုင်းတွင် လုပ်ငန်းများ စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း မျှော်လင့်ရသည်။

မာမန့်စ်ခ်ဆိပ်ကမ်းမှ ဆိုက်ဘေးရီးယားဒေသသို့ သွားရောက်မည့် ခရီးအကွာအဝေးသည် ကီလိုမီတာ ၅၀ဝ၀ (မိုင် ၃၀ဝ၀) ခန့်ရှိသည်။ အာကာဒီမစ်ခ် လိုမိုနိုဆော့ဗ်အမည်ရှိ နျူကလီးယား ရေပေါ်ဓာတ်ပေါင်းဖိုသင်္ဘောကြီးသည် မြေပြင်ပေါ်ရှိသမားရိုးကျ နျူကလီးယားစက်ရုံများနည်းတူ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့သော ရေပေါ်ဓာတ်ပေါင်းဖို သင်္ဘောကြီးများကို အခြားနိုင်ငံများသို့ ရောင်းချနိုင်ရန် ရုရှားအစိုးရက ရည်ရွယ်လျက်ရှိသည်ဟု နျူကလီးယားအေဂျင်စီ ရိုဆက်တွမ်က ဆိုသည်။

သို့သော် ယင်းသင်္ဘောကြီးများသည် အန္တရာယ်အလွန်ကြီးမားပြီး သဘာဝဘေးအန္တရာယ်ကိုလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ‘နျူကလီးယား တိုက်တန်း နစ်သင်္ဘောကြီး’ ဟု အမည်မှည့်ခေါ်ကြသည်။ သင်္ဘောကြီး၏ ခရီးစဉ်သည် ရာသီဥတု အခြေအနေနှင့် ၎င်းသွားရာရေလမ်းကြောင်းရှိ ရေခဲများ၏ ပမာဏပေါ်တွင် မူတည်မည်ဖြစ်ပြီး ရက်သတ္တလေးပတ်မှ ခြောက်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း မျှော်လင့်ရသည်။

သင်္ဘောကြီးသည် ၂၀ဝ၆ ခုနှစ်တွင် စိန့်ပီတာစဘတ်ဆိပ်ကမ်းမြို့၌ စတင်ဆိုက်ကပ်ကာ နျူကလီးယား လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် သုံးစွဲပြီးသော လောင်စာများကို ပြန်လည်သိုမှီးထားရှိခြင်းကြောင့် မတော်တဆမှုများ ဖြစ်ပေါ်လာပါက သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများက ပြင်းထန်စွာ ကန့်ကွက်ပြောကြားခြင်းဖြစ်သည်။ ထို့ပြင် ဆိုက်ဘေးရီးယားဒေသတွင် နျူကလီးယား သန့်စင်နိုင်သည့် မည်သည့်အဆောက်အအုံမျှ မရှိသေးကြောင်း သိရသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-အောင်ကျော်ကျော်