ရုရှား ထုတ်လုပ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး လက်ခံသုံးစွဲမယ်လို့ ဖိလစ်ပိုင် သမ္မတ ပြော

၁၃ ဩဂုတ်

 

 

ဖိလစ်ပိုင် သမ္မတ ဒူတာတေး က ရုရှားနိုင်ငံမှ ထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ဆေးကို လက်ခံဖို့ စိတ်ဝင်စားကြောင်းနဲ့ အဲဒီဆေးကို ပြည်သူတွေကို ထိုးပေးဖို့ ပထမဆုံး ရချင်တဲ့ နိုင်ငံများထဲမှာ ပါဝင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

 

 

ရုရှား သုတေသနအဖွဲ့ Gamaleya နဲ့ ဖိလစ်ပိုင် ကျန်းမာရေး အဖွဲ့တို့ မနေ့က တွေ့ဆုံအပြီးမှာ မနီလာက ကာကွယ်ဆေးကို ပြည်သူတွေကို ထိုးပေးဖို့ လက်ခံကြောင်း ကြောညာတာ ဖြစ်ပါတယ်။

 

 

ရုရှား သမ္မတ ပူတင်က သူတို့ ထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို Sputnik V လို့ အမည်ပေးထားကြောင်း၊ ဆေးဟာ သုံးစွဲဖို့အတွက် ဘေးအန္တရာယ်ကင်းကြောင်းနဲ့ သူ့သမီးတစ်ယောက်ပါ အဲဒီဆေးကို ထိုးထားကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

 

 

ရုရှားဆေးပညာကနေ ဗိုင်းရပ်စ်ပိုး ကင်းစင်အောင် လုပ်ဆောင်ပေးမယ် ဆိုတာကို လုံးဝယုံကြည်ကြောင်းနဲ့ လာမယ့် ခရစ်စမတ် ကာလဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းစင်တဲ့ ဒီဇင်ဘာလဖြစ်ဖို့ မျှော်လင့်ကြောင်း သမ္မတ ဒူတာတေးက ပြောပါတယ်။

 

 

သမ္မတ ဒူတာတေးက ရုရှားက ဗိုင်းရပ်စ် ကာကွယ်ဆေးကို အလကားပေးမှာဖြစ်ကြောင်း၊ ရုရှားသမ္မတ ပူတင် က ဖိလစ်ပိုင် နိုင်ငံကို ကူညီတယ်လို့ ယူဆကြောင်း၊ ဆေးဘယ်လောက် ပေးမယ်နဲ့ ဖိလစ်ပိုင်မှာ ဆေးဘယ်လောက် လိုတယ်ဆိုတာ ဆက်လက် ဆွေးနွေးဖို့ လိုအပ်နေကြောင်း ဆက်ပြောပါတယ်။

 

 

သမ္မတ ဒူတာတေး က သူကိုယ်တိုင်ဆေးကို စမ်းသပ်ပြီး အထိုးခံမယ့်အကြောင်း ပြောဆိုချက်အပေါ်  သမ္မတရဲ့ ပြောခွင့်ရသူက အခုပြောဆိုချက်ဟာ ဟာသအနေနဲ့ ပြောတာ မဟုတ်ဘဲ၊ ဖိလစ်ပိုင် ပြည်သူတွေအတွက် သမ္မတက သူ့ကိုယ်သူ စတေးဖို့တောင် စဉ်းစားကြောင်း ပြောပါတယ်။

 

 

လူဦးရေ ၁၀၇ သန်းနီးပါး နေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၄၃,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၂,၄၀၀ ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP