ရုပ်ရှင်သစ်မှာ မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင်သွားမယ့် ခရစ်စတင်းစတူးဝပ်

မင်းသမီး ခရစ်စတင်းစတူးဝပ်ကို ပရိသတ်တွေ အနေနဲ့ Twilight ဇာတ်လမ်းတွဲရုပ်ရှင်တွေနဲ့ အတူ ရင်းနှီးခဲ့ရတာဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်သစ်မှာ ဗြိတိန်တော်ဝင်မင်းသမီးတစ်ပါးဖြစ်တဲ့ မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင်သရုပ်ဆောင် သွားမှာဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီး ခရစ်စတင်းစတူးဝပ်ဟာ မင်းသမီး ဒိုင်ယာနာ အနေနဲ့ ဝေလမင်းသား ချားစ်နဲ့ လမ်းခွဲခဲ့တဲ့အကြောင်း ရိုက်ကူးသွားမယ့် ရုပ်ရှင်မှာ မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ကို ၁၉၉၀ ပြည့်နှစ်ကာလ တွေကို နောက်ခံထားပြီး မင်းသမီး ဒိုင်ယာနာ အနေနဲ့ တော်ဝင်မင်းသမီးဘဝကို စွန့်လွှတ်ကာ မင်းသားချားစ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တဲ့ကာလတွေကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ မင်းသမီး ဒိုင်ယာနာအနေနဲ့ ဒီလိုဟိုးလေးတကြော်ကြော် ဖြစ်သွားရတဲ့ မင်းသားချားစ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချခဲ့တာနဲ့ ပတ်သက်ပြီး သုံးရက် အတွင်း အဖြစ်အပျက်တွေကို အဆိုပါရုပ်ရှင်မှာ ရိုက်ကူးပုံဖော်သွားမှာလည်း ဖြစ်ပါတယ်။

 

အဆိုပါရုပ်ရှင်ကို ၂၀၂၁ ခုနှစ်အတွင်း စတင်ရိုက်ကူးသွားနိုင်ဖွယ်ရှိပြီး လက်ရှိအချိန်အထိ မင်းသားချားစ်နေရာမှာ ပါဝင်သရုပ်ဆောင်မယ့်သူကို ရွေးချယ်ပြီးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

 

အေးပြည့်-စုစည်းသည်