ရတနာပုံတိုက်စစ်မှူး အောင်သူ ထိုင်းကလပ် မြောင်တောင်အသင်းသို့ ပြောင်းရွှေ့

ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းထိပ်သီးကလပ် မြောင်တောင် ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ အောင်သူသည် မြောင်တောင်အသင်းတွင် ကျောနံပါတ် - ၉ ဝတ်ဆင်ကစားမည်ဖြစ်သည်။

မြောင်တောင်အသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် မိတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။ အောင်သူသည် ပြီးခဲ့သည့်ရာသီတွင် Police Tero အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ယခုရာသီတွင် မြောင်တောင်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ Police Tero အသင်းသည် ပြီးခဲ့သည့်ရာသီတွင် တန်းဆင်းခဲ့ရသောကြောင့် အောင်သူနှင့် သက်တမ်းမတိုးဘဲ အောင်သူကို ခေါ်ယူရန် ဂျပန်ကလပ်နှင့် ထိုင်းကလပ်အသင်းများက အပြိုင်ကမ်းလှမ်းခဲ့သောကြောင့် ကာယကံရှင်က မြောင်တောင်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းလိဂ်ပြိုင်ပွဲ၏ သတ်မှတ်ချက်ကြောင့် ထိုင်းကလပ်အသင်းများသည် အာဆီယံကစားသမားတစ်ဦး ခေါ်ယူရမည်ဟု သတ်မှတ်ထားသောကြောင့် မြန်မာကစားသမားများအပေါ် စိတ်ဝင်စားလာခြင်းဖြစ်ပြီး လာမည့်ရာသီအတွက် မြန်မာကစားသမားများကို ပိုမိုခေါ်ယူလာခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ့လက်ရွေးစင် ကစားသမားများဖြစ်သည့် ဇော်မင်းထွန်းနှင့် စည်သူအောင်မှာ ချောင်ဘူရီအသင်း၊ အောင်သူမှာ မြောင်တောင်ယူနိုက်တက် အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ကျော်ကိုကိုမှာ ဆာမတ်ပရာခန်အသင်း၊ သိန်းသန်းဝင်းမှာ ရက်ချာဘူရီအသင်းတို့နှင့် သဘောတူညီမှုရထားသည်။