ရတနာပုံခေတ် ဒင်္ဂါးစက်ရုံနှင့် ရက်ကန်းစက်ရုံ

သိပ္ပံစာရေးဆရာကိုကိုအောင်

မြန်မာ့သမိုင်းမှ ဒင်္ဂါးသုံးသည့်ဓလေ့ မြန်မာမင်းများလက်ထက်တွင် ရောင်းဝယ်ရေး မဏ္ဍိုင်အဖြစ် ငွေကိုအတုံးအခဲဖြတ်ကာ အလေးချိန် သတ်မှတ် ပြီး သုံးစွဲခဲ့ကြသော်လည်း ဒင်္ဂါးသုံးစွဲသည့် ဓလေ့မှာ ရှေးမဆွကပင် ရှိခဲ့သည်။


ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိချက် အရ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်းစသော ပျူမြို့ပြ နိုင်ငံများတွင် ငွေဒင်္ဂါးများသုံးစွဲခဲ့ကြောင်း သိရှိရသည်။ မွန်တို့၏ဌာနေဖြစ်သော သုဝဏ္ဏဘုမ္မိတွင် လည်းကောင်း၊ ရခိုင်ဝေသာလီမြို့ဟောင်းတွင်လည်းကောင်း ဒင်္ဂါးများကို တူးဖော်တွေ့ရှိရသဖြင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ် ပေါင်း ၂၀၀၀ ကျော်ကပင် ဒင်္ဂါးများခတ်လုပ် သုံးစွဲခဲ့ ကြကြောင်း ထင်ရှားသည်။


ဒင်္ဂါးသုံးစွဲမှုကို ပုဂံခေတ်နှင့် အင်းဝခေတ်များ၌ ထင်ထင်ရှားရှား မတွေ့ရသော်လည်း ရခိုင်တွင်မူ အေဒီ ၁၆ ရာစုအတွင်းက သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်။ ထိုရခိုင်ဒင်္ဂါးများတွင် သက္ကရာဇ်နှင့်တကွ စိုးစံနေသော ဘုရင်၏ ဘွဲ့အမည်များကို ခတ်နှိပ်ထားသည်။ ထို့အတူ ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်လက်ထက်တွင်လည်း ဒင်္ဂါးသုံးစွဲမှုရှိခဲ့သည်ဟု ယူဆကြသည်။ ကြေးစငွေစ ကဲ့သို့သော အသပြာကို ရောင်းဝယ်ရာ၌ အသုံးပြုသည်ဟု နိုင်ငံခြားသား မှတ်တမ်းတချို့ကဆိုသည်။ ဦးကုလား မဟာရာဇဝင်ကြီးတွင်တွေ့ရသော ဘုရင့်နောင်၏ အလှူ တော် ငွေစာရင်းကိုထောက်၍ ဟင်္သာတံဆိပ် ငွေဒင်္ဂါးများ ဖြစ်မည်ဟု ခန့်မှန်းချက်များလည်း ရှိခဲ့သည်။


ဗဒုံမင်းလက်ထက် ဒင်္ဂါးလေးမျိုး

ကုန်းဘောင်ခေတ်လယ် ဗဒုံမင်းလက်ထက်တွင်မူ ဒင်္ဂါးလေးမျိုးကို အသုံးပြုခဲ့သည်။ ငွေဒင်္ဂါးလေးမျိုးမှာ မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး၊ ဝေသာလီဒင်္ဂါးနှင့် ကုလားဒင်္ဂါးတို့ ဖြစ်ကြသည်။ မြန်မာသုံးဒင်္ဂါးဖြစ်သော ကျပ်သုံးဒင်္ဂါးပြား ရေ ၁၆၄ ပြားသည် ငွေတစ်ပိဿာနှင့် ညီမျှသည်။ ရခိုင် ဒင်္ဂါးလေးပြားလျှင် မြန်မာအချိန် ၂ ကျပ် ၁ မတ်နှင့် ညီမျှသည်။ ဝေသာလီဒင်္ဂါး လေးပြားလျှင် မြန်မာအချိန် ၂ ကျပ် ၃ မတ် ၁ ပဲနှင့် ညီမျှသည်။ ကုလားဒင်္ဂါးခေါ် အရှေ့အိန္ဒိယ ဒင်္ဂါးတစ်ပြားမှာ မြန်မာအချိန်အတွယ် တစ်ကျပ်နှင့် ညီမျှသည်။ ဗဒုံမင်းလက်ထက်တွင် ကြေးနီ ဒင်္ဂါး သုံးစွဲခဲ့သေးသော်လည်း ပြည်သူအများက ကြေးနီ ဒင်္ဂါးကို မနှစ်သက်ကြသောကြောင့် ၁၈၁၂ ခုနှစ်တွင် ရှေးကသုံးမြဲ ခဲကိုပင်သုံးရန် ဘုရင်က အမိန့်တော် ထုတ်ပြန်ခဲ့ရသည်။ ဗဒုံမင်း လက်ထက်ကသုံးစွဲခဲ့သော မြန်မာငွေဒင်္ဂါးနှင့် ကြေးဒင်္ဂါးများ၌ တစ်ဖက်တွင် သာသနာတော်နှစ် ၂၃၂၅ နှင့် အခြားတစ်ဖက်တွင် ရွှေပြည်စိုးတံဆိပ်ခတ်နှိပ်ထားသည်။
ရွှေဘိုမင်း ၁၈၃၇-၄၆ လက်ထက်တွင် တစ်ဖက်၌ လဝန်းနှင့်ယုန်ရုပ်၊ အခြားတစ်ဖက်၌ ပဒုမ္မာကြာကို ခတ်လုပ်ထားသော ငွေဒင်္ဂါးများကို သုံးစွဲခဲ့သည်။ ပုဂံမင်း ၁၈၄၆-၅၂ လက်ထက်တွင်လည်း တစ်ဖက်တွင် သာသနာတော်နှစ် ၂၃၉၀ နှင့် အခြားတစ်ဖက်တွင် ရွှေပြည်စိုးတံဆိပ် ခတ်နှိပ်ထားသော ငွေဒင်္ဂါးများကို သုံးစွဲခဲ့သည်။
ထိုကဲ့သို့သုံးစွဲခဲ့သော ဒင်္ဂါးများကို မည်ကဲ့သို့ ခတ်လုပ်သည်ဟူ၍ တိတိကျကျမသိရပေ။ သို့ရာတွင် ဗဒုံမင်း ၁၇၈၂-၁၈၁၉ လက်ထက်က ဒင်္ဂါးခတ်စက် ကို တည်ထောင်ခဲ့သည်ဟု ခန့်မှန်းရသည်။ ၁၇၉၇ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ကပ္ပတိန်ကောက်စ်က ဒင်္ဂါးခတ် စက်တစ်လုံးကို အမရပူရသို့ယူဆောင်လာပြီး ဘုရင်အား ဆက်သခဲ့ရာ ထိုစက်မှာ ဘင်္ဂလားနယ် မောက်သူဇာမှ စက်ဟောင်း တစ်ခုဖြစ်သည်။ ထိုနှစ်ဇွန်လလောက်တွင် စက်များကို တပ်ဆင်ပြီး ဇူလိုင်လခန့်တွင် ဒင်္ဂါးများကို စတင်ခတ်နှိပ် ထုတ်လုပ်ခဲ့သည်ဟုဆိုသည်။ ပြည်သူတို့က မသုံးစွဲလိုကြသော ကြေးဒင်္ဂါးများမှာ ထိုစက်မှထုတ်လုပ် သော ဒင်္ဂါးများဖြစ်မည်ဟု ယူဆရသည်။ ဘုရင်က လက်လျှော့ကာ ခဲကို သုံးမြဲအတိုင်းသုံးစေရန် အမိန့်ထုတ် ပြန်ခဲ့ရသဖြင့် ဗဒုံမင်းလက်ထက်က ဒင်္ဂါးစက်တည်ထောင်မှု မအောင်မြင်ခဲ့ဟု ဆိုရမည်ဖြစ်သည်။


မင်းတုန်းမင်းလက်ထက် ဒင်္ဂါးစက်

မြန်မာနိုင်ငံတွင် ခေတ်မီစက်များဖြင့် ဒင်္ဂါးများ အောင်မြင်စွာခတ်လုပ်နိုင်ခြင်းကို ရတနာပုံခေတ် မင်းတုန်း မင်းလက်ထက်က စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ရတနာပုံ ခေတ်တွင် ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံနှင့် ကူးသန်း ရောင်းဝယ်မှု တိုးတက်များပြားလာခဲ့သည်။ ထို့ပြင် နိုင်ငံခြားမှ စက်နှင့်စက်ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ ပညာတော်သင်များ စေလွှတ်ထားခြင်းစသော ခေတ်မီ လုပ်ငန်းများကို လုပ်ဆောင်လာနိုင်သဖြင့် တိကျခိုင်လုံ သော ငွေကြေးစနစ်တစ်ရပ်ကို ထားရှိသုံးစွဲရန် လိုအပ်လာ သည်။ ထို့ကြောင့်ပင် ရတနာပုံ နေပြည်တော်၌ ၁၈၆၅ ခုနှစ်တွင် ဒင်္ဂါးစက်ရုံတစ်ခု တည်ထောင်ခဲ့ခြင်းဖြစ်သည်။


အုတ်၊ အင်္ဂတေတို့ဖြင့်ပြီးသော ကြီးကျယ်ခိုင်ခံ့သည့် ဒင်္ဂါးစက်ရုံကို နန်းတော်သစ်တပ်အတွင်း ပ ဟိုရ်စင် မြောက်ဘက်၌ ဆောက်လုပ်ခဲ့ရာ ၁၈၆၅ ခုနှစ် နိုဝင်ဘာ လ ၁၁ ရက် စနေနေ့ နံနက်ခင်း အခါတော်ကျရောက်ချိန်၌ ဒင်္ဂါးများကို စတင်ခတ်လုပ်ခဲ့သည်။ ထိုဒင်္ဂါးစက်ရုံတွင် ငွေရည်ကျိုသည့်တိုက်ခန်း၊ ငွေပြားကြိတ်သည့်တိုက်ခန်း၊ ကြိတ်ပြီးသောငွေပြားကို ပျော့ပျောင်းအောင် ဆေးရည် ဖြင့် ဓာတ်စိမ်သည့်တိုက်ခန်း၊ ငွေပြားကိုညီညာအောင် သံလုံးစက်ဖြင့်ကြိတ်သည့် တိုက်ခန်း၊ ငွေပြားကြီးမှ ဒင်္ဂါး ပြား၊ ငါးမူးပြား၊ မတ်စေ့၊ မူးစေ့များရရှိအောင် ဖောက်စက် နှင့် ဖောက်ယူသည့် တိုက်ခန်း၊ ဒင်္ဂါးထောင့်ဖိသည့် တိုက် ခန်း၊ ဒင်္ဂါးကိုဖြူစင်အောင် ဆေးရည်ဓာတ်ရည်တို့ဖြင့် ဆေးကြောသည့် တိုက်ခန်း၊ အချောသပ်ပွတ်သည့် တိုက် ခန်း၊ အရုပ်ပန်းထောင့်ပိတ်ဖြစ်အောင် ရိုက်သည့်စက်ခန်း၊ ဒင်္ဂါးများကို ချိန်တွယ်မှတ်သားရန် ချိန်ခွင်ထားသည့် တိုက်ခန်းတို့ ပြည့်စုံစွာရှိခဲ့သည်။
ဒင်္ဂါးခတ်လုပ်ရန်စက်ကို အင်္ဂလိပ်ကုန်သည်ကြီး ဝီလျံဝါလစ်က ပြင်သစ်မှဝယ်ယူပြီး ပေးသွင်းခဲ့သည်။ ထိုကဲ့သို့ ဝယ်ယူပေးသွင်းသည့်အတွက် မြန်မာဘုရင်က ဝီလျံဝါလစ်အား တောင်ငူသစ်တောရှိသစ်များကို ဝယ်ယူ ခွင့်ပေးခြင်းဖြင့် စက်ဖိုးပေးချေခဲ့သည်။ ၁၈၆၆ ခုနှစ်တွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးရိုက်ရန်အတွက် တံဆိပ်များဝယ်ယူရန် ဘင်္ဂလားသို့ စေလွှတ်ခဲ့သည့်အပြင် ကာလကတ္တား (ကိုလ် ကတ္တား) ဒင်္ဂါးစက်ရုံ အုပ်ချုပ်ပုံစည်းမျဉ်းဥပဒေ၊ ငွေကို စင်ကြယ်အောင်ပြုလုပ်နည်းနှင့် ငွေဒင်္ဂါးတစ်ကျပ်၌ သတ္တု ရောသည့်စံနှုန်း စသည်တို့ကိုလည်း ရယူနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။


ရတနာပုံဒင်္ဂါးစက်ရုံမှ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ငါးမူးစေ့၊ မတ်စေ့၊ မူးစေ့များ ထုတ်လုပ်သည့် စွမ်းအားမှာ တစ်ရက် လျှင် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိရှိသည်။ ကျပ်သုံးငွေ ဒင်္ဂါးများ၌ တစ်ဖက်တွင် မင်းတုန်းမင်း နန်းတက် သက္ကရာဇ် ၁၂၁၄ ကိုလည်းကောင်း၊ အခြားတစ်ဖက်တွင် ဒေါင်းတံဆိပ်ကိုလည်းကောင်း ခတ်နှိပ်ထုတ်လုပ်ခဲ့သည်။ သီပေါမင်း ပါတော်မူသည်အထိဖြစ်သော အနှစ် ၂၀ ကာလ အတွင်း ရတနာပုံဒင်္ဂါးစက်ရုံမှ ခတ်လုပ်ခဲ့သည့် ငွေဒင်္ဂါး တန်ဖိုးမှာ ၂၈ သန်းကျော်ခန့်ဖြစ်သည်။ ရတနာပုံခေတ် ကျပ်သုံး ဒေါင်းတံဆိပ်ငွေဒင်္ဂါးကို အိန္ဒိယသုံးငွေဒင်္ဂါးနှင့် အလေးချိန်၊ အရည်အသွေးတို့ တစ်တန်းတစ်စားတည်း ဖြစ်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့သောကြောင့် ဗြိတိသျှ ပိုင် အောက်မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ်ရေးမှာ ဖြောင့်ဖြူးလွယ်ကူခဲ့သည်။


မြန်မာ့ရက်ကန်းစက်ရုံ
မြန်မာတို့သည် ဝတ်ရေးဆိုင်ရာ လိုအပ်ချက်အရပ်ရပ် ကိုလည်း ကိုယ်တိုင်ထုတ်လုပ် ဖြည့်ဆည်းနိုင်ခဲ့ကြသည်။ အိမ်တိုင်းတွင် ရက်ကန်းစင်နှင့် ရက်ကန်းလုပ်ငန်းဆိုင်ရာ ပစ္စည်းကိရိယာများ ရှိခဲ့သည်။ ရက်ကန်းစင်များမှာ အိမ် တိုင်းတွင် မလုပ်မဖြစ် လုပ်ဆောင်ရသော အိမ်တွင်းလက်မှု လုပ်ငန်းဖြစ်သည်။


ရတနာပုံခေတ်သို့ ရောက်သောအခါ ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံမှတစ်ဆင့် နိုင်ငံခြားဖြစ် အဆင်ဆန်း ပိတ်သားကောင်းများ နေပြည်တော်သို့ ဝင်ရောက်လာခဲ့ သည်။ ရွှေနန်းတွင်းမင်းပရိသတ်တို့၏ ခုံမင်နှစ်သက်မှုကို ရရှိလာသောကြောင့် ထိုကဲ့သို့သော ခေတ်မီအထည်မျိုးများ ရက်လုပ်နိုင်ရန် ရတနာပုံနေပြည်တော်၌ ခေတ်မီရက်ကန်း စက်ရုံတစ်ရုံ တည်ထောင်ခဲ့သည်။


ရက်ကန်းစက်ရုံမှာ မြောက်ပြင် အမရစံခေါင်ရပ် ရွှေ တချောင်းအရှေ့ဘက်ကမ်း၌ အမြောက်သေနတ် စက်ရုံ နှင့် ကပ်လျက်တည်ရှိခဲ့သည်။ စက်ရုံတွင် ဘက်ဖို့ဒ်မြို့ ဟောင်းဝတ်ကုမ္ပဏီထုတ် ဘွိုင်လာအိုးကြီးတစ်ခု၊ ရော့သ် ဝဲလ်ကုမ္ပဏီမှ ၁၈၆၉ ခုနှစ်က ထုတ်လုပ်ခဲ့သော မြင်း ကောင်ရေ ၄၀ အား အင်ဂျင်စက်တစ်လုံးနှင့် ဟဲသားရင် တန် ကုမ္ပဏီထုတ် စက်ရက်ကန်းစင် ၈၀ ခန့်၊ ရက်ဖောက် တံ ၁၅၀၀ ခန့်နှင့် လွန်း၊ တညင်းလုံး၊ ရစ်၊ ချား စသည့် ကိရိယာများ ပြည့်စုံစွာရှိသည်။ ထို့ပြင် ရက်ကန်းစက်ရုံတွင် ဝါကြိတ်စက်၊ ဝါဖန်စက်၊ ဗိုင်းတောင့်လုပ်စက်၊ ချည်ဆွဲ စက်၊ ချည်မျှင်ချည်ချော ပြုလုပ်သောစက် အဆင့်ဆင့်နှင့် ချည်ဝင့်စက်၊ ချည်ခင်ခေါက်စက်၊ ချည်စာယူရန် တိုက်ခန်း၊ ရက်ကန်း ရှယ်ရာတိုက်ခန်း၊ နှပ်ကောက်သည့်တိုက်ခန်း၊ ရက်ကန်းစက်များ ထားသိုရက်လုပ်ရာ တိုက်ခန်း၊ အထည် ခေါက်သည့်စက်ခန်း စသည်တို့လည်း အပြည့်အစုံရှိ သည်။


ရက်ကန်းစင်များနှင့် စက်များကို ရန်ကုန်မြို့ရှိ ကုမ္ပဏီ တစ်ခုမှ ကန်ထရိုက်ဖြင့် ခေါ်ယူသော နိုင်ငံခြားသား ဂျုံးနှင့်ကာခမ်းတို့က ကြီးကြပ်တပ်ဆင်ပေးခဲ့သည်။ စက်များမှာ အလွန်ကောင်းမွန်ပြီး တစ်ရက်လျှင် အထည် ကိုက်ပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်စွမ်းရှိသည်။ သို့ရာတွင် လက်ရက်ကန်းကိုသာ ပိုင်နိုင်စွာခတ်နိုင်ခဲ့သော မြန်မာတို့ အဖို့ စက်ရက်ကန်းနှင့် အကျွမ်းတဝင် မရှိခဲ့ကြသော ကြောင့် နိုင်ငံခြားသား ရက်ကန်းပညာရှင်များကိုသာ အားထားလုပ်ဆောင်ခဲ့ကြရသည်။ ဂျုံးနှင့် ကာခမ်းတို့က စက်များတပ်ဆင်ပြီးနောက် ၁၈၇၂ ခုနှစ်မှာပင် ပြန်သွား ခဲ့ကြသဖြင့် ရက်ကန်းရက်ရန် လန်ကတ်ရှိုင်းယားမှ ရက်ကန်းပညာရှင်နှစ်ဦးကို ထပ်မံ ခေါ်ယူခဲ့ကြရ သည်။


မအောင်မြင်ခဲ့သော ရက်ကန်းစက်ရုံ

ရတနာပုံ ရက်ကန်းစင်များတွင် ဘုရင်အလိုရှိရာ ချည်ထည်များကို ရက်လုပ်ကြရသည်။ အဓိကပြဿနာ မှာ မြန်မာပြည်ထွက်ဝါကို ပိတ်ချောရက်လုပ်နိုင်ရန် အတွက် ချည်ချောချည်မျှင်ဆွဲ၍ မရခြင်းပင်ဖြစ်သည်။ ၁၈၇၂ ခုနှစ် နိုဝင်ဘာလအထိ လန်ကတ်ရှိုင်းယားမှ ရက်ကန်းပညာရှင်များ မရောက်သေးသဖြင့် ရက်လုပ် သည့်လုပ်ငန်းမှာ မစရသေးဘဲ ရှိခဲ့သည်။ ထိုပညာရှင် နှစ်ဦးကိုလည်း မြန်မာဘုရင်က ရှစ်လတာအတွက်သာ စာချုပ်၍ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ၁၈၇၃ ခုနှစ်တွင် ကုန်ထုတ်လုပ်မှုကို စတင်နိုင်ခဲ့သော်လည်း မျှော်မှန်းခဲ့ သော အထည်ချော အထည်ကောင်းများကို မထုတ်လုပ် နိုင်သေးပေ။ လှသိင်္ဂီခေါ် ဝါညစ်ညစ် ခပ်ကြမ်းကြမ်း ပိတ်မျိုးကိုသာ တစ်ရက်လျှင် အုပ်ပေါင်း ၃၀ မှ ၃၂ အုပ်ခန့်အထိ ထုတ်လုပ်နိုင်ခဲ့သည်။


ရက်ကန်းစက်ရုံတွင် ကတ္တီပါများကို ရက်လုပ်ခဲ့သည် ဟု အချို့ကဆိုကြသော်လည်း ရည်မှန်းခြင်းမျှသာဖြစ်ပြီး လက်တွေ့လုပ်နိုင်ခဲ့ပုံ မပေါ်ပေ။ ရတနာပုံ ရက်ကန်း စက်ရုံသည် ရင်းနှီးမြှုပ်နှံ ကုန်ကျသလောက် လုပ်ငန်း မတွင်ကျယ်ခဲ့ကြောင်း သီပေါမင်းလက်ထက်က ရဲမက် တော်တို့အတွက် စစ်ဝတ်အင်္ကျီနှင့် ပုဆိုးများကို ကုန်သည်များထံမှ အများအပြားဝယ်ယူခဲ့သည့် အထောက်အထားများက ပြဆိုနေသည်။ ထို့ပြင် မင်းမိဖုရားတို့က အမှုထမ်းကြီးငယ်တို့အား ဆုတော် ပေးသနားရန်နှင့် လှူဒါန်းရန်အတွက် ပုဆိုးနှင့် ထဘီ အထည်အများအပြားကို နေပြည်တော်၌ ဝယ်မရသဖြင့် နန်းမတော်မိဖုရား စာရေးကြီးကို ရန်ကုန်နှင့် ဘင်္ဂလား တို့သို့ စေလွှတ်ကာ ငွေငါးသိန်းကျော်ဖိုးရှိ အထည်အလိပ် များ ဝယ်ယူစေခဲ့သည်။ နိုင်ငံခြားသား ကုန်သည်ကြီးများ ထံမှလည်း ပိုးထည်၊ ဖဲထည်၊ သရက်ထည်နှင့် ပိတ်အုပ် စသည့် အထည်အလိပ်အမျိုးမျိုးကို ဝယ်ယူခြင်းများ လည်း ရှိခဲ့သည်။
မြန်မာတို့သည် ရက်ကန်းပညာကို ရှေးအစဉ် အဆက်ကပင် ကျွမ်းကျင်တတ်မြောက်ခဲ့ကြသည့် အားလျော်စွာ စက်ရက်ကန်းကိုလည်း မြင်ရုံမျှဖြင့် ကိုင်တွယ်လုပ်ကိုင်နိုင်မည်ဟု ယူဆခဲ့ကြသောကြောင့် နိုင်ငံခြား သား ပညာရှင်များကို အချိန်တိုမျှသာ ခေါ်ယူခဲ့ သည်။ ခေါ်ယူခဲ့သည့် ပညာရှင်များကလည်း ကာခမ်း ကဲ့သို့ မူးယစ်ရမ်းကား ရန်မူသူ၊ လုပ်ငန်းအပေါ် စေတနာ မရှိသူများသာဖြစ်ကြသဖြင့် လုပ်ငန်းအောင်မြင်မှုမရှိခဲ့ဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် တည်ထောင်သောစက်နှင့် ပြည်တွင်းထွက် ကုန်ကြမ်းများအား မစပ်ဟပ်တတ် သဖြင့် ချည်ချောကို ပြည်ပမှဝယ်ယူ အားကိုးရမည့် အခြေအနေမျိုး ဖြစ်နေခြင်းကလည်း အားနည်းချက်နှင့် ပျော့ကွက်များဖြစ်နေခဲ့သည်။ ရက်ကန်းစက်သည် ပြည်သူတို့၏ ဝတ်ရေးကိစ္စအတွက် လွယ်ကူပေါများ သက်သာအောင် ဖြည့်ဆည်းပေးရမည့် စက်မျိုးဖြစ်သော် လည်း ပြည်သူနှင့် လုံးဝကင်းကွာ နေခဲ့ကာ ပြည်သူတို့ ဘဝအတွက် မည်သို့သော ထူးခြားပြောင်းလဲမှုကိုမျှ မဖြစ်ပေါ်စေခဲ့ပေ။ ။