ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အသက် ၃၇ နှစ် ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးအား တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်

နေပြည်တော် ၃  ဇူလိုင်

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အသက်(၃၇)နှစ်ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦးအား တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ ကလေး ၄ ယောက်၏ မိခင် အသက် ၃၇ နှစ်ရှိ အမျိုးသမီးတစ်ဦးအား ဇွန် ၃၀ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု  ကာယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောကြားသည်ဟု သတင်းမီဒီယာအချို့မှ ဖော်ပြနေကြောင်း။

 

၎င်းဖြစ်စဉ်အား အသေးစိတ်စိစစ်ရာ တပ်မတော်စစ်ကြောင်းတစ်ခုသည် ဇွန် ၃၀ ရက် ညနေ ၇ နာရီတွင် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ည ၈ နာရီတွင် ရွာ၏မြောက်ဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကာ ရွာမြောက်ဘက် မီတာ ၂၅၀ ခန့် ရှိ သရက်တောအတွင်း၌သာ အခြေပြုခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရွာအတွင်းသို့ ဝင်ရောက်၍ အကြမ်းဖက်သောင်းကျန်းသူတို့၏ သတင်းအား မေးမြန်းခဲ့ကြောင်း၊ ၎င်းနောက် နံနက် ၈ နာရီတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကြောပေါ်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ရွာ၌ အသက် ၄၀ နှင့်အထက် ကျား ၁၅ ဦး၊ မ ၃၆ ဦး၊ ၁၈ နှစ်အောက် ကျား ၁ ဦး၊ မ ၁ ဦး စုစုပေါင်း ၅၃ ဦး သာ တွေ့ရှိရကြောင်း၊ ကျန်ရွာသူရွာသားများနှင့် အုပ်ချုပ်ရေးမှူး မှာ ဇွန် ၂၇ ရက်တွင် စစ်တွေမြို့ဘက်သို့ ထွက်သွားသည်ဟု သိရှိရကြောင်း။

 

တပ်မတော်စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် AA အကြမ်းဖက်သောင်းကျန်း သူ များနှင့် ဆက်စပ်၍ ဝင်ရောက်သတင်းစုံစမ်းခဲ့ခြင်းဖြစ်ကာ ကျေးရွာရှိ ရွာသူရွာသားများ ရှေ့မှောက်တွင်ပင် ပစ္စည်းများ ပျောက်ရှမှုမရှိကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုနှင့် အသံဖိုင်များ သက်သေအထောက်အထားအဖြစ် မှတ်တမ်းတင်ထားခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

အဆိုပါသတင်းမှာ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်း ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် စတင်ဖော်ပြသောသတင်းမီဒီယာများမှာ Narinjara နှင့် Arakan Info Desk-AID တို့ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သတင်းစဉ်