ရသေ့ကြီး ဦးခန္တီ အသုံးပြုခဲ့သည့် ပုံနှိပ်စက်နှင့် ဆက်စပ်ပစ္စည်းများအား ရှေးဟောင်းအမွေအနှစ်အဖြစ် ပြသထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်

mdn

မန္တလေး ၂၀ အောက်တိုဘာ

 

ရသေ့ကြီးဦးခန္တီ၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် ပုံနှိပ်စက်နှင့် ဆက်စပ်ပစ္စည်းများအား ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ပြသထားရှိနိုင်စေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတောင်တော်ဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုးနိုင်ဆွေက ပြောကြားသည်။

 

ရသေ့ကြီးဦးခန္တီသည် မန္တလေးတောင်တော်သို့ ၁၂၆၉ ခုနှစ်တွင် စတင်ရောက်ရှိ၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အပြင် ၁၂၈၁ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ပုံနှိပ်စက်နှင့် ဆက်စပ်ပစ္စည်းများအား မှာယူကာ မန္တလေးတောင် ပဠိကတ်စာပုံနှိပ်တိုက်ကို တည်ထောင်ခဲ့ပြီး ဘာသာရေးစာအုပ်များ၊ ကျမ်းစာအုပ်များ၊ တရားစာအုပ်များ စသည့် ပရိယတ္တိစာပေများကို ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်းနှင့် လက်ရှိတွင် အဆိုပါ ပုံနှိပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို မန္တလေးတောင်တော် ရဟန်းပျိုအဖွဲ့ချုပ် ကျောင်းတိုက်အတွင်း၌ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

 

"ရသေ့ကြီးဦးခန္တီက ပုံနှိပ်စက်အပြင် စာအုပ်တစ်အုပ်လုံးကို အပြီးထုတ်ဝေနိုင်ဖို့ ချုပ်စက်၊ ဖြတ်စက်စတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း အမေရိကန်နိုင်ငံက ဝယ်ယူခဲ့တယ်။ ဒီပုံနှိပ်စက်တွေက အဲဒီခေတ်ကို မီခဲ့တဲ့သူတွေရဲ့ ပြောစကားအရဆိုရင် စာမျက်နှာ ၁၆ မျက်နှာအထိ ရိုက်နှိပ်နိုင်တဲ့ အထက်မြန်မာပြည်မှာ အကြီးဆုံး ပုံနှိပ်စက်ဖြစ်တယ်လို့ သိရတဲ့အပြင် ဘာသာရေးစာအုပ်၊ တရားစာအုပ်နဲ့ ကျမ်းစာအုပ်တွေသာမက မြရတနာဘာသာရေးမဂ္ဂဇင်းကိုလည်း အဲဒီခေတ်ကလစဉ် ထုတ်ဝေခဲ့တယ်လို့ လေ့လာဖတ်ရှုခဲ့ရတယ်။ ခေတ်မီစက်ကိရိယာ တွေထွန်းကားလာတဲ့ နောက်ပိုင်းမှာတော့ ဒီစက်တွေကို အသုံးပြုမှုမရှိတော့တဲ့အတွက် နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ရသေ့ကြီးဦးခန္တီရဲ့ သာသနာပြုအမွေအနှစ် ပစ္စည်းတစ်ခုအဖြစ် မပျောက်ပျက်အောင် ရဟန်းပျိုသမဂ္ဂအဖွဲ့က ထိန်းသိမ်းထားပါတယ်။ ဒီနေ့ခေတ်မှာတော့ ရှေးဟောင်းပုံနှိပ်စက်ကြီးနဲ့ ဆက်စပ်ပစ္စည်းတွေကို အများပြည်သူတွေ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ပြသထားရှိဖို့ ရဟန်းပျိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒကလည်း ဆန္ဒရှိသလို ကျွန်တော်တို့ဂေါပက အဖွဲ့ကလည်း ဆန္ဒတွေရှိနေကြပါတယ်။ ဒါကြောင့် ဆရာတော် ဦးကောဝိဒနဲ့ မန္တလေးတောင်တော် သြဝါဒဆရာတော်ကြီးတွေရဲ့ သြဝါဒကိုခံယူပြီး အမွေအနှစ်တစ်ခုအနေနဲ့ ပြသထားနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာပါ" ဟု ၎င်းကပြောသည်။

 

လက်ရှိတွင် ရသေ့ကြီးဦးခန္တီ တည်ထောင်ခဲ့သည့် မန္တလေးတောင် ပိဠိကတ်စာပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့သည့် ကျမ်းစာများ၊ တရားစာအုပ်များနှင့် ဘာသာရေးစာအုပ်များကို မန္တလေးတောင်တော် စာကြည့်တိုက်တွင် အများပြည်သူ လေ့လာဖတ်ရှုနိုင်စေရန် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

 

ရသေ့ကြီးဦးခန္တီသည် မန္တလေးတောင်တော်သို့ မြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ် တပေါင်းလဆန်း ၁ ရက်နေ့တွင် စတင်ရောက်ရှိကာ မန္တလေးတောင်တော်ရှိ သာသနိကအဆောက်အအုံများ၊ ဘုရားတန်စောင်းများ ပြုပြင်တည်ဆောက် သာသနာပြုခဲ့သည့်အပြင် မြန်မာပြည်တစ်ဝှမ်းရှိ မြို့ပေါင်း ၂၀ ကျော်၊ ဌာနပေါင်း ၄၇ ဌာနတို့တွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ၁၃၁၀ ခုနှစ် ပြာသိုလပြည့်ကျော် ၁၄ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)