ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် (၂)နှစ်အတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှုမရှိ

ရန်ကုန် ၆ ဇွန်

 

အစိုးရဌာနအဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သစ်တောနယ်မြေဒေသများတွင် ကျက်စားနေထိုင်လျက်ရှိသည့် တောဆင်ရိုင်းများ သတ်ဖြတ်ခြင်း မခံရသည်မှာ အချိန်ကာလအားဖြင့် (၂)နှစ်ကျော်အထိရှိလာပြီ ဖြစ်ကြောင်း သစ်တောဦးစီးဌာနနှင့် တောဆင်ရိုင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

 

တောဆင်ရိုင်းများသည် ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၂၇) ရက်နောက်ပိုင်းနှင့်  ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် ဧပြီ (၄)ရက်နောက်ပိုင်းမှစတင်၍ သတ်ဖြတ်ခံရမှုမရှိတော့ကြောင်း သစ်တောဦးစီးဌာနနှင့် တောဆင်ရိုင်းထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏စာရင်းများအရ သိရှိရသည်။

 

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF-မြန်မာ) ၏ ညွှန်ကြားရေးမှူး နစ်ကော့ခ်က “ဒီရလဒ်ဟာ တောဆင်ရိုင်းထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ကြီးကျယ်တဲ့ မှတ်တိုင်တစ်ခုပါ။ ရန်ကုန်နဲ့ ပဲခူးက ထိန်းသိမ်းရေး ကင်းလှည့်ဝန်ထမ်းတွေ၊ သစ်တောရဲတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဟာ အများကအားကျအတုယူစေရမယ့် မှတ်တမ်းတစ်ခုကို ရေးထိုးခဲ့တာပါ။ ဒါဟာ အတူတကွကြိုးပမ်းရင် ဒီလိုအောင်မြင်မှုရတယ်ဆိုတာကို ပြသတာပါပဲ” ဟုပြောသည်။

 

မြန်မာနိုင်ငံသည် ယခင်က တောဆင်ရိုင်းသတ်ဖြတ်ခံရမှု အလွန်မြင့်မားခဲ့ပြီး ရက်သတ္တပတ်လျင် တောဆင်ရိုင်းတစ်ကောင်နှုန်း သတ်ဖြတ်ခံရသည်အထိ ရှိခဲ့သည်။ ယခင်က ဆင်များအား ဆင်စွယ်အတွက် အမဲလိုက်သတ်ဖြတ်ခြင်းဖြစ်သော်လည်း ယခုအခါ အရေခွံခွာယူရန်အတွက် အဓိကထား သတ်ဖြတ်လာကြခြင်းဖြစ်ပြီး ဆင်၏ ခန္ဓာကိုယ်နှင့် အစိတ်အပိုင်းများကိုလည်း တရားမဝင် ဈေးကွက်များသို့ တင်ပို့ရောင်းချကြသည်။

 

WWF- မြန်မာမှ တောရိုင်းတိရိစ္ဆာန် ထိမ်းသိန်းရေးပညာရှင် ဦးပိုင်စိုးက “လွန်ခဲ့တဲ့ နှစ်တွေက တောဆင်ရိုင်းသတ်ဖြတ်မှုများတဲ့ ဒေသတွေမှာ စနစ်တကျတင်းတင်း ကြပ်ကြပ်ကိုင်တွယ်ခဲ့တဲ့အတွက် အခုဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာပါပြီ။ ဒါပေမဲ့ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရတဲ့ နေရာဒေသတွေ ရှိနေသေးတယ်” ဟု ပြောသည်။

 

တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ဖြစ်စဉ်များအား ရပ်တန့်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် မှစတင်ကာ အစိုးရဌာနများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများနှင့် ဒေသခံများ ပူးပေါင်းကာ တောတွင်း ကင်းလှည့်မှုများနှင့် ပြည်သူလူထုအား ပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအတွင်းရှိ အချို့ဒေသများတွင် တောဆင်ရိုင်း သတ်ဖြတ်ခံရမှုများရှိနေဆဲဖြစ်သည်။

 

၂၀၁၁ ခုနှစ်တွင် ကောက်ယူထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် တောဆင်ရိုင်း ၂၀၀၀ အောက်ခန့် ကျန်ရှိနေသေးသည်ဟု ဖော်ပြထားသော်လည်း ကျွမ်းကျင်သူများက ယင်းထက် နည်းပါးနိုင်သည်ဟု ယူဆထားသည်။ တောဆင်ရိုင်းများသည် သစ်တောတစ်ခု၏ ဂေဟစနစ်ကို ထိန်းညှိရာတွင် အဓိကကျသည် မျိုးစိတ်တစ်ခု ဖြစ်သည်။

 

နှစ်စဉ် ဇွန်လ (၅) ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သက်မှတ်ထားပြီး ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သက်မှတ်ထားသည့် ဆောင်ပုဒ်မှာ “Biodiversity” ဖြစ်သည်။

 

သတင်း- ညွန့်ကိုကို၊ ဓာတ်ပုံ- WWF