ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ သမဝါယမအသင်း အရောင်းဆိုင်များတွင် ကုန်ပစ္စည်းများ ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိ

ရန်ကုန်  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ သမဝါယမအသင်းများ၏ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်၊ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ စနစ်တကျ ရောင်းချနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည်  သမဝါယမအသင်း အရောင်းဆိုင်များသို့ သွားရောက် စစ်ဆေးသည်။

 

ဧပြီ ရက် နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်တို့ရှိ သမဝါယမ စံပြအရောင်းဆိုင်များအား သွားရောက်စစ်ဆေးပြီး သမဝါယမအသင်း ဆိုင်တာဝန်ခံများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားသည်။

 

ယနေ့နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းစု၊ ခရမ်းစတိုးသမဝါယမ အသင်းနှင့် ရွှေငါးကြင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းများသို့ သွားရောက်၍ အသင်းများမှ ရောင်းချ လျက်ရှိသော လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများအား နဂိုပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ သွားရောက် စစ်ဆေးသည်။

 

ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်တာဝန်ခံများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ယခုကာလသည် ကိုဗစ်-၁၉ လတ်တလော အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများ မြန်မာနိုင်ငံတွင် တွေ့ရှိနေပြီဖြစ်၍ မိမိတို့၏ ဝန်ထမ်းများအနေဖြင့် ဈေးဝယ်ရန်လာရောက်သည့် ပြည်သူများ၏ ကျန်းမာရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ညွန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာ ဆောင်ရွက်ရေး၊ စားသောက်ကုန်များ ရောင်းချရာတွင် အန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များ မဖြစ်စေရေး၊ လူသုံး၊ အိမ်သုံးနှင့် စားသောက်ကုန်များ ရောင်းချရာတွင်လည်း ဈေးနှုန်းကို ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချရေး၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူများအကြား ရောဂါကူးစက်မှု မရှိစေရေးအတွက် သတ်မှတ်ထားသော အကွာအဝေးကသာ ပါဆယ်စနစ်ဖြင့် ရောင်းချရေး၊ စားသောက်ကုန်ဖြစ်သော ဆန်နှင့်ဆီတို့ကို အိမ်တိုင်ရာရောက် ပို့ပေးသောစနစ်ဖြင့် ရောင်းချခြင်းကို ပိုမိုဆောင်ရွက်ရေး၊ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်