ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ဒုတိယနေ့ ကြိုတင်ဆန္ဒမဲပေး 

ရန်ကုန်  ၃၀  အောက်တိုဘာ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ် နှင့်အထက် အသက်အရွယ် ကြီးရင့်သူများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဒုတိယနေ့ ကြိုတင်ဆန္ဒမဲပေးခြင်းကို   ရန်ကုန်တိုင်းဒေသကြီး အတွင်း   မြို့နယ်များရှိ  ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဆက်လက်ဆောင်ရွက်ကြရာ ကြိုတင် ဆန္ဒမဲပေးရန် စိတ်ဝင်စားမှုများလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

“မနေ့ကစပြီး အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူတွေ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် အိမ်တိုင်ရာရောက် စာရင်းလိုက်ကောက်ကြတယ်။ လိုက်ကောက်ကြတဲ့အခါ လူတော်တော်များများက ကြိုတင်မဲ ပေးလို့ရတယ်ဆိုတာ သိကုန်ကြတယ်။ တချို့လည်း ငါ့တို့ရပ်ကွက် ငါ့တို့လမ်းတွေ ဘယ်တော့လာမလဲ မေးတာတွေ ရှိနေကြပါတယ်။ မနေ့က အိမ်တိုင်ရာယောက် လိုက်ကောက်တဲ့အဖွဲ့တွေရဲ့ အတွေ့အကြုံအရ လိုအပ်ချက်တွေ အားနည်းချက်တွေ ပြုပြင်လိုက်တဲ့အတွက် ဒီနေ့မှာတော့ အဆင်ပြေပြေ ကောက် ယူလို့ရပါတယ်။ လူတွေကလည်း မဲထည့်ဖို့ စိတ်ဝင်စားလာကြပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည် က ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်အတွက် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ အသက်(၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မိုဘိုင်းရွေ့လျားစနစ်ဖြင့် ဆန္ဒမဲ ကောက်ယူရေးဆောင် ရွက်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်ဆန္ဒမဲ မထည့်လိုက်ရသည့် သူများ အနေဖြင့် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနေ့တွင် မဲလာရောက်ထည့်နိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရသည်။

“ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်အောင် အသက် ၆၀ နှစ်နှင့် အထက်တွေကို မဲရုံမှာလာပြီး လူစုလူဝေးမဖြစ်အောင်  နေအိမ်အရောက် ကောက်တာကို ဆောင်ရွက်ရတာပါ။ အသက် ၆၀ ကျော်တွေသည် အခုကြိုတင်မဲကို မဖြစ်မနေ ပေးရမှာ မဟုတ်ပါဘူး။ လာကောက်လို့ ကျန်နေခဲ့ရင်လည်း ရပ်ကွက်ကျေးရွာ ကော်မရှင်ရုံးကို အကြောင်းကြားပြီး ပေးလို့ရပါတယ်။ ကိုယ့်ကသွားလာနိုင်တယ်ဆိုရင် ရုံးမှာသွားပေးလို့ရတယ်။ မသွားမလာနိုင်ဘူးဆိုရင်လည်း ဆက်သွယ်ပြီး အိမ်မှာပေးလို့ရပါတယ်။ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမီးဖွားပြီး မိခင်များလည်း ကြိုတင်မဲပေးလို့ ရပါတယ်။ မဲစာရင်းမှာ မိမိနာမည်ပါဖို့တော့ လိုပါတယ်။ ဒီအချိန်ကတော့ မဲစာရင်းမှာပါတဲ့သူတွေ ပေးခွင့်ရပါတယ်။

ကြိုတင်မဲတွေကို မိုဘိုင်းလိုက်ကောက်တဲ့အပြင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်ရုံးမှာလည်း အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ကြိုတင်မဲ ထည့်နိုင်အောင် ဆောင်ရွက်ထားပါတယ်။ အဲ့ဒီနေရာတွေမှာ နိုင်ငံတာဝန် ထမ်းဆောင်နေသူတွေ လုပ်ငန်းတာဝန်တစ်ခုခုနဲ့ ခရီးသွားမယ့်သူတွေ ရွေးကောက်ပွဲကာလမှာ တာဝန်ထမ်းဆောင်မယ့် ကော်မရှင်အဖွဲ့ဝင်တွေ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ အဖွဲ့ဝင်တွေက ခန့်အပ်လွှာပြပြီး ကြိုတင်ဆန္ဒမဲပေးလို့ရပါတယ်။ အလားတူပဲ မဲပေးတဲ့နေ့မှာ အရေးပေါ် မဖြစ်မနေ ခရီးသွားရမယ့်သူတွေက ၁၀ ရက်ကြိုတင်မဲထဲမှာလာပြီး ပေးလို့ရပါတယ် ” ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲရုံများသို့ လာရောက်ဆန္ဒမဲပေးထားသည့် ကြိုတင်မဲများနှင့် ကောက်ယူထားသည့် ကြိုတင်မဲများအား လုံခြုံမှုရှိစေရန် ရွေးကောက်ပွဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်များနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။  

“သန်လျင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူဦးရေက နှစ်သိန်းနှစ်သောင်းကျော်တယ်။ အဲဒီထဲမှာ အသက် ၆၀နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူက နှစ်သောင်း ခုနှစ်ထောင်ကျော် ရှိပါတယ်။ ဒုတိယနေ့မှာ သန်လျင်တစ်မြို့နယ်လုံး ရပ်ကွက်ကျေးရွာ အလိုက် ကြိုတင်မဲကောက်ယူရေးအဖွဲ့တွေက နံနက်ပိုင်းကစပြီး ကြိုတင်မဲတွေလိုက်လံ ကောက်ယူနေပါတယ်။ ဒီနေ့က မိုးရွာနေတော့ အခက်အခဲတော့ရှိတယ်။ ကျွန်တော်တို့ မြို့နယ်မှာတော့ ရပ်ကွက်ကျေးရွာကော်မရှင်ရုံးတွေမှာ မဲလာပေးတာ နည်းတယ်။ လိုက်လံကောက် ယူတာများတယ်။ ရွေ့လျားမဲစာရင်းကောက်ယူရေးမှာ အခက်အခဲတွေ တော့ရှိတယ်။ မြို့ပေါ်ရပ်ကွက်တွေနဲ့မတူဘူး။ ဒီဘက်မှက ကျေးရွာတွေအထိ ဆင်းကောက်ရတော့ တစ်ချို့က လယ်ကွင်းတွေထဲနေတဲ့ အိမ်ထောင်စုတွေရှိတယ်။ မဲစာရင်းကောက်ယူတဲ့သူတွေအနေနဲ့ လယ်ကွင်းတွေထဲထိဆင်းပြီး ကောက်ယူရတယ်။ ဗွက်တောတွေထဲ ဖြတ်သွားရတယ်။ ချောင်းတွေ မြောင်းတွေဖြတ်ပြီး သွားရတယ်။ အခက်အခဲ တွေကြားထဲကပဲ မညီးမညူနဲ့ လုပ်ကြပါတယ်” ဟု သန်လျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်မင်းသန်း က ပြောသည်။

သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်နေ အသက် (၈၀)နှစ်အရွယ် ဦးစိုးသိန်း က “ဒီနေ့ ထန်းပင်ကုန်းရပ်ကွက် မူလတန်းကျောင်းမှာဖွင့်ထားတဲ့ မဲရုံမှာ ကြိုတင်မဲသွားပေးခဲ့ပါတယ်။ အဘအမြင် ပြောရရင် ဒီနေ့ မဲပေးတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိပြီး တရားမျှတပါတယ်။ တော်တော်များများလည်း ကြိုတင်မဲလာပေးတာတွေ့ရတယ်။ မဲရုံမှူးတွေရဲ့ ဆက်ဆံရေးလည်း ကောင်းပါတယ်။ မဲရုံမှာလည်း ကျန်းမာရေးဌာနက ညွန်ကြားထားတဲ့အတိုင်း ဆောင်ရွက်ထားတာ တွေ့ရပါတယ်။ အဘအနေနဲ့ ခေတ်အဆက်ဆက်လည်း မှီလာခဲ့ပါတယ်” ဟု ပြောသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဲရုံပေါင်း (၅၉၀၈) ရုံ ပြင်ဆင်ဆောင်ရွက်ထားပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၅၈ သိန်းကျော်ခန့်ရှိကြောင်း၊ ထို့အထဲတွင်မှ အသက်(၆၀)နှစ် နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူ ရှစ်သိန်းကျော်ခန့်ရှိကြောင်း၊ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းမြို့နယ်တွင် မဲရုံ (၂)ရုံ ပြင်ဆင်ဆောင်ရွက်ထားပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၄၆၆)ဦးခန့်ရှိကြောင်း၊ ထိုအထဲတွင်မှ အသက်(၆၀) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူဦးရေ (၉၉)ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရသည်။

သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်၊သန်းဝင်း