ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အောင်မြင့်မိုရ်အိမ်ရာနှင့် ရိုးမရိပ်သာအိမ်ရာတို့၏ အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန် ၂၁ စက်တင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာအိမ်ရာတို့အား ကိုဗစ်-၁၉ ယာယီ ဆေးရုံနှင့် ကွာရန်တင်းစင်တာများအဖြစ် အသုံးပြုပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများ၊ လူနာများနှင့် ထိတွေ့ဆက်စပ်သည့်သူများအား အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားကြောင်း သိရသည်။

 

ရောဂါလက္ခဏာ မပြင်းထန်သူများ၊ အသက်ငယ်ရွယ်သူများ၊ နောက်ခံရောဂါမရှိသူများ၊ မစိုးရိမ်ရသည့် ကိုဗစ်-၁၉ လူနာများကို ယာယီဆေးရုံများ ဖန်တီးပြီး ပြောင်းရွှေ့ကုသခြင်း အစီအစဉ်ဖြင့် ထားရှိခြင်း ဖြစ်ပြီး အဆိုပါနေရာများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးပြီး အဆိုပါအိမ်ရာများမှ အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အိမ်ရာများ၌ အသွားအလာ ကန့်သတ်၊ စောင့်ကြပ်၊ ကြည့်ရှုထားရှိသူများအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ အိမ်ရာအုပ်ချုပ်မှုအဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့က ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်က စင်တာများတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် ကူညီဆောင်ရွက်လုပ်ကိုင်ပေးကြသော လူမှုရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ပါကြောင်းနှင့် မိမိတို့၏ ကျန်းမာရေးကိုလည်း အလေးထားဂရုစိုက်ကြရန် ပြောကြားသည်။

 

ရွှေမြင့်မိုရ်အိမ်ရာနှင့် ရိုးမအိမ်ရာရှိ ကိုဗစ်-၁၉ ရောဂါလူနာများ၊ လူနာများနှင့် ထိတွေ့ခဲ့သည့် သံသယရှိသူများကို ကောင်းမွန်သန့်ရှင်းသော နေရာထိုင်ခင်း၊ အိပ်ယာခေါင်းအုံးနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းအားလုံး အသစ်များ၊ နံနက်စာ၊ နေလယ်စာနှင့် ညစာအတွက်လည်း ကောင်းမွန် သန့်ရှင်းသပ်ရပ်စွာ စီစဉ်ဆောင်ရွက် ထားရှိပေးထားကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)