ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ (၃၃/၁၁) ကေဗွီ၊ (၅) အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ၉   ဖေဖော်ဝါရီ 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှအကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယ ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က အမှာစကားပြောကြားရာတွင် ရန်ကုန် တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းတွင် ကျေးရွာပေါင်း (၁,ဝ၃၁) ရွာ ရှိသည့်အနက် ၂၀၁၈ ခုနှစ် ၌ ရွာပေါင်း(၄၇၅) ရွာကိုသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့၍ (၄၆)ရာခိုင်နှုန်းခန့်သာရရှိခဲ့ပြီး ယခု ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင်  တောင်ပိုင်းခရိုင်အတွင်း (၁၂၃)ရွာကို ထပ်မံ၍ ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် စုစုပေါင်း (၅၉၈) ရွာ ဓာတ်အားရရှိခဲ့ပြီး လျှပ်စစ် ဓာတ်အား ရရှိမှုအနေဖြင့် (၅၈)ရာခိုင်နှုန်းခန့်အထိရရှိခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်ကျေးလက်ဒေသများသို့ လျှပ်စစ် ဓာတ်အားရရှိရေး စီမံဆောင်ရွက် ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း (၁,ဝ၈၅) ရွာသာ မီးလင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်၌ (၂၆၉)ရွာ ထပ်မံမီးလင်းခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်းခန့်အထိ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ (၄၉၅) ရွာလျှပ်စစ်ဓာတ်အား ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် ရာခိုင်နှုန်း အားဖြင့် ၈၇ရာခိုင်နှုန်းအထိ လျှပ်စစ် ဓာတ်အား တိုးတက်သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၌ ကျန်ရှိသည့် (၂၅၉) ရွာကို လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး (၁၀ဝ)ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနက် ယခု ဆောင်ရွက်ပေးခဲ့သော ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်း တွံတေးမြို့နယ်သည် ဧရိယာ အကျယ် အဝန်း ၂၇၉ ဒသမ ဝ၉ စတုရန်းမိုင် ကျယ်ဝန်းကာမြို့ပေါ် ရပ်ကွက် (၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၅) အုပ်စု၊ ကျေးရွာပေါင်း (၂၃၅)ရွာရှိသည့်အနက်မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့်ကျေးရွာ (၁၂၁)ရွာတို့ကိုသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခု ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခတ္ထိယ ဓာတ်အားခွဲရုံတစ်ရုံ၊ ထရန်စဖော်မာ အလုံး (၂၀) ၊ ၃၃ ကေဗွီဓာတ်အားလိုင်း (၉ဒသမ၅၂)မိုင်၊ ၁၁ ကေဗွီဓာတ်အား လိုင်း (၂၅ဒသမ၁၃) မိုင်နှင့် ၄၀ဝဗို့ ဓာတ်အားလိုင်း (၂၃ဒသမ၄)မိုင်တို့ကို၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ (၂,၄၇၂ဒသမ၅၀၅) သန်း အသုံးပြုကာ တည်ဆောက်ပေးခဲ့သည့်အတွက် ကျေးရွာပေါင်း (၃) ရွာ ထပ်မံဓာတ်အားရရှိမည်ဖြစ်ကာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နောက်ထပ်ကျေးရွာ(၂၈)ရွာ ထပ်မံဓာတ်အားရရှိမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၃,၄၃၅)စု ထပ်မံဓာတ်အား ရရှိသွားမည်ဖြစ်ပါကြောင်း။

ဤဒေသရှိ မိဘပြည်သူများအနေဖြင့်ယခင်က မရရှိခဲ့သည့်လျှပ်စစ်ဓာတ်အားများ ရရှိလာသည့်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် အစစတိုးတက်ပြောင်းလဲလာ မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျ ဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့်အညီ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းကူညီဆောင်ရွက် ပေးကြရန် နှင့်ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အား ဖြန့်ဖြူးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရန်မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကားပြောကြားပြီး တွံတေးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်လွင်နှင့် တွံတေးမြို့နယ်၊ ခတ္ထိယရွာသစ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးတို့က ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားကြသည်။

ယင်းနောက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခတ္ထိယ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား မုခ်ဦးအား တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်လျှပ်စစ်သတ္တုနှင့်သစ်တောရေးရာ ကော်မတီ ဥက္ကဋ္ဌဦးတင်ရှိန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးနှင့် ဦးနေနိုင်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခတ္ထိယ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား ကမ္ဗည်းကျောက်စာမော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ် ဦးလှအေး တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)