ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ အသင်းလိုက် လှိုင်မြို့နယ်အသင်း ဆုဖလားဆွတ်ခူး

ရန်ကုန် ၂၀ ဖေဖော်ဝါရီ 

၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲ ပြိုင်ပွဲများ ကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ အသင်းလိုက် ပထမဆုကို လှိုင်မြို့နယ်အသင်းက ဆုဖလားဆွတ်ခူး ရရှိသွားသည်။ 

ဗိုလ်လုပြိုင်ပွဲများအပြီး အလွတ်တန်းပြိုင်ပွဲတွင် စတုထ္ထမှ ဒဿမအထိဆုရရှိကြသူများ၊ အသက် ၂၀ နှစ်အောက်၊ အသက် ၂၅ နှစ်အောက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ၊ အလွတ်တန်းပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိကြသူများအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်၊ ဒုတိယဥက္ကဌ ဦးဝင်းအောင်၊ တိုင်းစစ်တုရင်ဆပ်ကော်မတီ ဥက္ကဌ ဦးဖြိုးအောင်ကြည်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်တို့က တစ်ဦးချင်ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးအောင်မိုးက အသင်းလိုက်ပထမဆုရ လှိုင်မြို့နယ်အသင်းအား ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါစစ်တုရင်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သာကေတမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဒေါပုံ မြို့နယ်၊ ရန်ကင်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တာမွေမြို့နယ် များအပြင် မြို့နယ်(၃၇)မြို့နယ်မှ  စစ်တုရင်ကစားသမား စုစုပေါင်း(၁၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး