ရန်ကုန်နှင့် ကျောက်ဖြူတွင် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတွက် ဟောင်ကောင်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ကျော် ရင်းနှီးမြှုပ်နှံ

၃ ဒီဇင်ဘာ

 

ရန်ကုန်နှင့် ကျောက်ဖြူတွင် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် ဟောင်ကောင်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ကျော် ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

 

အဆိုပါ LNG စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနပိုင် သာကေတ ဓာတ်အားပေးစက်ရုံတွင်  ဟောင်ကောင် CNTIC Vpower ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၆၃ ဒဿမ ဝ၇၀ သန်း ရင်းနှီးမြှုပ်နှံပြီး IPP (BOO) စနစ်ဖြင့်  မဂ္ဂါဝပ် ၄၀ဝ  ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာအုပ်စု၊ ကံတီကွင်း၊ ကွင်းအမှတ်(၄၅၃) တွင်လည်း ဟောင်ကောင် CNTIC Vpower ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၄၀ ဒဿမ ၄၇၀ သန်း ရင်းနှီးမြှုပ် နှံပြီး IPP (BOO) စနစ်ဖြင့်  ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ဟောင်ကောင် CNTIC Vpower ကုမ္ပဏီအနေဖြင့် LNG စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို မည်သည့်အချိန်တွင် စတင်ရောင်းချနိုင်မည်ဟု အချိန်ကာလ သတ်မှတ်ချက် မပေးသော်လည်း အမြန်ဆုံးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရှိရကြောင်း ဦးသန့်စင်လွင် က ပြောသည်။

 

"သူက အမြန်ဆုံးပေးလို့ရအောင် လုပ်ပေးမယ်ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးမှာ တင်ပြသွားတာရှိတယ်၊ အမြန်ဆုံးပေးမှာပါ"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

လက်ရှိ ဟောင်ကောင်အနေဖြင့် မြန်မာနိုင်ငံတွင် ပမာဏကြီးမားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်း၊ အိမ်ယာတည်ဆောက်ရေးလုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများတွင် အများဆုံးလာရောက် ရင်းနှီးမြုပ်နှံမှုကြောင့် ယခုဘဏ္ဍာရေးနှစ် နှစ်လတာ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ တစ်ဘီလီယံကျော်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)၏ စာရင်းများအရ သိရသည်။

 

လက်ရှိဘဏ္ဍာနှစ်တွင် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၃၉၂ ဒဿမ ၆၂၉ သန်း ရရှိထားပြီဖြစ်သည်။

 

Nyein Nyein