ရန်ကုန်မြို့တွင်လှုပ်ခတ်ခဲ့သည့် ငလျင်လှိုင်းများ သိရှိနိုင်ရန် သုတေသနပြုလုပ်မည်

မန္တလေး ၁၆ ဒီဇင်ဘာ

 

ရန်ကုန်မြို့တွင်လှုပ်ခတ်ခဲ့သည့် ငလျင်လှိုင်းများသိရှိနိုင်ရန်အတွက် သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီထံမှ သိရသည်။

 

အဆိုပါငလျင်လှိုင်းများသိရှိနိုင်ရန် မြေအောက် အမျိုးအစားအား သုတေသနပြုလုပ်ရန် အမေရိကန် တက္ကသိုလ် တစ်ခုမှလာရောက်သင်တန်းပို့ချမည်ဖြစ်ပြီး သုတေသနအားလာမည့် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ လတွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။

 

" ငလျင်စက်တွေကရောက်နေပြီ ။အမေရိကန်တက္ကသိုလ်ကသင်တန်းတစ်လလောက်လာပေးဦးမယ်။ လာမယ့် ဖေဖော်ဝါရီလလောက်မှာ သုတေသနစဖြစ်မယ်။ သုတေသနမှာ လှုပ်လိုက်တဲ့ငလျင်တစ်ခုရဲ့ ငလျင်လှိုင်းတွေကို ပြင်းအားအဆချဲ့ပေးတတ်တဲ့မြေသား အမျိုးအစားတွေလည်းရှိတတ်တယ်။ ဘူမိဗေဒနည်းအရ ရန်ကုန်မြို့မှာ ကျင်းတွေလိုက်တူးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့်မြို့ကို အရှေ့အနောက် ကန့်လန့်ဖြတ်ပြီး ဘူမိရူပ နည်းနဲ့ လိုက်တိုင်းတာလိုက်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ အောက်မှာ မြေအလွှာ ဘယ်နှစ်လွှာရှိလဲ သူ့ရဲ့ဂုဏ်သတ္တိတွေ ထွက်လာမှာပေါ့။ အဲ့ဒီမြေသားတွေရဲ့ တုန့်ပြန်မှု အဆချဲ့လား မချဲ့ဘူးလား ဒါတွေကိုလေ့လာသွားမှာပါ'' ဟု အဆိုပါကော်မတီဒုဥက္ကဌ ဒေါက်တာမျိုးသန့်က ပြောသည် ။

 

သုတေသန လုပ်ငန်းများကို ရန်ကုန်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Louisiana State University တို့နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကာ လက်ရှိတွင် သုတေသနပြုလုပ်မည့်စက်ကိရိယာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည် ။

 

အဆိုပါ သုတေသနမှာ တစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး သုတေသနပြုလုပ်ပြီးပါက ရန်ကုန်မြို့သို့ ရိုက်ခတ်သည့် ငလျင်လှိုင်းများ၏ တုန့်ပြန်မှုကိုသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည် ။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ချ်) တာစကေး (၄.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူဦးရေထူထပ်သည့် ရန်ကုန်မြို့ မှာ ငလျင်ဘေးအန္တရာယ် စိုးရိမ်ရသည့်မြို့ကြီး ၁၀ မြို့တွင် ပါဝင်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည် ။

 

သူရိန်လင်း